ကံပေါက်ဒေသခံ ၁၀ကျော် ပြန်လွတ်

0
2821

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသက ဖမ်းဆီးခံထားရသည့် ဒေသခံအချို့ ပြန်လည်လွတ်မြောက်လာကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၃ ရက် နံနက်ပိုင်းအထိ ပြန်လွတ်လာသူ ၁၁ ဦးရှိပြီဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

ပြန်လွတ်လာသူများမှာ မဂ္ဂင်ရပ်ကွက်က ကိုမောင်မောင်နှင့် ကိုအာကာမာန်၊ လှည်းကုန်း (၁) ရပ်ကွက်က ဦးထွန်းရှိန်၊ ဒေါ်ပု၊ ဒေါ်ခင်ဆွေလတ်နှင့် ကိုသက်အောင်၊ မိကျောင်းအိုင်ရပ်ကွက်က ဦးဆန်းဦး၊ မရီမာလွင်နှင့် မနီနီ၊ မြသီတာ ရပ်ကွက်ရှိ ကိုသက်အောင်ဆိုင်ကယ်ပြင်ဆိုင်မှ ဝပ်ရှော့အလုပ်သမားနှစ်ဦး စုစုပေါင်း ၁၁ဦးဖြစ်သည်။

“ထားတဲ့နေရာကတော့ မတူကြဘူး။ ရေတပ်မှာပဲ နေရာခွဲပြီးထားတယ်လို့‌ပြောတယ်။ မေးတာကတော့ အစုံပါပဲတဲ့။ သိတာကို ဖြေလိုက်တယ်။ မသိတာဆိုလည်း မဖြေလိုက်ဘူးပေါ့။ ရိုက်ခံရတာမျိုးတော့ မရှိဘူး။ ဒါပေမဲ့ အခြားနေရာမတူတဲ့ လူတွေမှာ စစ်ခံရတဲ့သူတွေကိုတော့ ဘယ်လိုတွေ လုပ်သလဲတော့ ပြောမတတ်ဘူး” ဟု ပြန်လွတ်လာသူတဦး၏ ပြောကြားချက်ကို ကိုးကားပြီး ဒေသခံတဦးက ပြန်ပြောပြသည်။

ကံပေါက်ကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးခင်စိုးနှင့် တပည့်ဖြစ်သူ ဦးလှဌေးတို့ သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် ဇန်နဝါရီလ ၂၅ ရက်မှ ၂၇ ရက်အထိ သုံးရက်ဆက် စစ်ကောင်စီက ဖမ်းဆီးခဲ့ရာ ဒေသခံ ၁၅ ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

မဂ္ဂင်ရပ်ကွက်က ဦးမင်းမင်း၊ ဗိုလ်ချုပ်ရပ်ကွက်က မလတီဖွာနှင့် မိကျောင်းအိုင်ရပ်ကွက်က ဒေါ်မိဆန်းတင့်တို့၏ နောက်ဆက်တွဲအခြေအနေကိုမူ မသိရသေးပေ။

ကံပေါက်ဒေသတွင် ကျေးရွာအုပ်စုဝင် ရပ်ကွက် ၁၀ ခုအပြင် အနီးအနားရှိ ကျေးရွာအချို့တို့ကိုပါ စစ်တပ်က ဆိုင်ကယ်စီးနင်းခွင့် ကန့်သတ်ထားသည်မှာ ၁၀ ရက် ကြာမြင့်လာပြီဖြစ်သည်။