ပုလောနှင့် တနင်္သာရီမြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာ

0
2835

စစ်ကောင်စီက ယနေ့ ဖေဖော်ဝါရီလ ၂ ရက်တွင် မြို့နယ်ပေါင်း ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး (Martial Law) အမိန့်ထုတ်ပြန်ကြေညာခဲ့ရာ တနင်္သာရီတိုင်းက ပုလောနှင့် တနင်္သာရီမြို့နယ်တို့ ပါဝင်နေသည်။

ယင်းအတွက်ကြောင့် ပုလောနှင့် တနင်္သာရီမြို့နယ်တို့တွင် အရပ်ဘက်အုပ်ချုပ်ရေးမရှိတော့ဘဲ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ အမိန့်ဖြင့် တိုက်ရိုက်ကွပ်ကဲ အုပ်ချုပ်သည့်စနစ်မျိုးဖြစ်သည်။

အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာတို့ကို တိုင်းမှူးထံ အပ်နှင်းလိုက်ခြင်းဖြစ်သည်။

ဒေသတွင်း အမှုအခင်းများကို စစ်ခုံရုံးဖြင့်သာ စစ်ဆေးတော့မည်ဖြစ်ပြီး အခြားလူမူရေးကိစ္စများ၊ ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးကိစ္စများကိုလည်း စစ်တိုင်းမှူးအမိန့်ဖြင့်သာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်သူ၊ အစိုးရအားအကြည်အညိုပျက်အောင်ဆောင်ရွက်မှု၊ တပ်မတော် သို့မဟုတ် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်း၏ ဆောင်ရွက်မှုကို နှောင့်နှေးစေခြင်း သို့မဟုတ် ပျက်ပြားစေရန် လုပ်ဆောင်မူ စသည့်ဖြင့် အမှုပေါင်း ၂၃ မှုကို စစ်ခုံရုံးဖြစ်စစ်ဆေးမည်ဟု ဆိုထားသည်။

စစ်ခုံရုံးဖြင့် စစ်ဆေးသည့်အမှုများ ပြစ်မှူထင်ရှားပါက သေဒဏ်၊ နှစ်အကန့်အသတ်မရှိ အလုပ်နှင့်ထောင်ဒဏ်၊ သက်ဆိုင်ရာပြစ်မှုအလိုက် သတ်မှတ်ထားသော အမြင့်ဆုံးပြစ်ဒဏ်ကို စီရင်ချမှတ်ရမည်ဟုလည်း ပါဝင်သည်။

ပုလောနှင့် တနင်္သာရီမြို့နယ်တို့သည် စစ်ကောင်စီအား အပြင်းအထန်ခုခံတော်လှန်နေသော ဒေသများဖြစ်သည်။

တနင်္သာရီတိုင်းရှိ ပုလောနှင့် တနင်္သာရီမြို့နယ်အပြင် စစ်ကိုင်းတိုင်းတွင် ၁၁ မြို့နယ်၊ ချင်းပြည်နယ်တွင် ၇မြို့နယ်၊ မကွေးတိုင်းတွင် ၅မြို့နယ်၊ ပဲခူးတိုင်းတွင် ၅မြို့နယ်၊ ကယားပြည်နယ်တွင် ၄မြို့နယ်၊ ကရင်တွင် ၂မြို့နယ်၊ မွန်တွင် ၁မြို့နယ်တို့ကိုလည်း စစ်အုပ်ချုပ်ရေးကြေညာထားသည်။