ထိုင်း-မြန်မာနယ်စပ်တွင် နေထိုင်သည့် မွန်ငြိမ်းချမ်းရေးခေါင်းဆောင် သေနတ်ထိမှန်သေဆုံး

0
2785

ထိုင်း-မြန်မာနယ်စပ်တွင် နေထိုင်သည့် မွန်ငြိမ်းချမ်းရေးခေါင်းဆောင် နိုင်အောင်သိုက်ဟင်မှာ သေနတ်ကျည်ဆန်ထိမှန်ပြီး သေဆုံးသွားကြောင်း ဒေသခံသတင်းရင်းမြစ်များ ထံမှသိရသည်။

နိုင်အောင်သိုက်ဟင်မှာ တနင်္သာရီမြို့နယ်၊ အေးမွန်သာရွာ၊ ထိုင်း-မြန်မာနယ်စပ်၊ ချောင်ချိဒေသတွင်နေထိုင်သူ ဖြစ်ပြီး ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက်က ဆက်ကြေးလာကောက်သည့် မွန်ငြိမ်းချမ်းရေးခွဲထွက်အဖွဲ့နှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ရာတွင် ဝဲနံကြားကျည်ဆန်မှန်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်။

ခွဲထွက်အဖွဲ့မှ လက်နက်ကိုင်ဆယ်ဦးသည် သေဆုံးသူ နိုင်အောင်သိုက်ဟင်၏ နေအိမ်သို့ရောက်ရှိလာပြီး ဆက်ကြေးငွေ ဘတ်သုံးသိန်းတောင်းခံရာ မပေးသဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့သည်ဟု ဒေသတွင်း သတင်းရင်းမြစ်က Dawei Watch သို့ သတင်းပေးပို့သည်။

နိုင်အောင်သိုက်ဟင်သည် အသက် ၅၀ ကျော်အရွယ်ဖြစ်ပြီး ရုပ်အလောင်းအား ထိုင်းနိုင်ငံတွင် ဇန်နဝါရီလ ၂၆ ရက်နေ့က သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

အပြန်အလှန်ပစ်ခတ်မှုဖြစ်စဥ်အတွင်း ခွဲထွက်အဖွဲ့ဘက်မှလည်း တစ်ဦးသေဆုံးကျန်ရစ်သည်ဟု ဒေသတွင်း သတင်းရင်းမြစ် ကဆိုသည်။

လာရောက်ပစ်ခတ်သည့် ခွဲထွက်အဖွဲ့နှင့်ပတ်သက်ပြီး အမည်နှင့်အခြေစိုက်ရာဒေသကို Dawei Watch အနေဖြင့်မသိရသေးပေ။

အေးမွန်သာရွာသည် တနင်္သာရီမြို့နယ်၊ထိုင်းနယ်စပ်တွင်တည်ရှိပြီး မွန်လူမျိုးရွှေ့ပြောင်းအလုပ်သမားအများစု နေထိုင်ကာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်ဒေသဖြစ်သည်။