တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
2992

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့မှ ၂၁ ရက်နေ့အထိ

မြန်မာစစ်ကောင်စီ လက်နက်ထုတ်လုပ်မှုကို နိုင်ငံတကာကုမ္ပဏီများထောက်ပံ့နေ

မြန်မာစစ်ကောင်စီက ပြည်တွင်းတွင် စစ်လက်နက်ထုတ်လုပ်မှုကို အမေရိကန် အပါအဝင် ဥရောပနှင့် အာရှနိုင်ငံများရှိ ကုမ္ပဏီများက ထောက်ပံ့နေကြောင်း ကုလသမဂ္ဂအရာရှိဟောင်းများဖြင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ဇန်နဝါရီလ ၁၅ရက်တွင် အစီရင်ခံစာထုတ်ပြန်သည်။

အမေရိကန်၊ ရုရှား၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ ယူကရိန်း၊ အိန္ဒိယ၊ အစ္စရေး၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ဩစတြီးလျ၊ စင်ကာပူတို့တွင် အခြေစိုက်သည့် နိုင်ငံတကာကုမ္ပဏီ ၄၀ ကျော်က ထောက်ပံ့နေခြင်းဖြစ်သည်ဟု ဖော်ပြသည်။

အစီရင်ခံစာတွင် နိုင်ငံ ၁၃ နိုင်ငံဟုဖော်ပြထားသော်လည်း အလားတူ နိုင်ငံများစွာရှိနိုင်သေးသည်ဟုလည်း ဆိုသည်။ 

လက်နက်ထုတ်လုပ်ရေးကုန်ကြမ်းပစ္စည်းများနှင့် နည်းပညာများ ထောက်ပံ့နေခြင်းဖြစ်ပြီး ယင်းတို့ဖြင့် ထုတ်လုပ်သည့် စစ်လက်နက်များဖြင့် နှိမ်နှင်းသဖြင့် အရပ်သားပြည်သူများစွာ အသက်သေဆုံးနေကြရကြောင်း ပါရှိသည်။

အနောက်နိုင်ငံများက မြန်မာစစ်ကောင်စီကို စစ်လက်နက်ပစ္စည်း အပါအဝင် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများ ပြုလုပ်နေချိန် အခြားတစ်ဖက်တွင် ကူညီထောက်ပံ့မှုများလည်း ရှိနေခြင်းဖြစ်ကြောင်းအစီရင်ခံစာအရ သိရသည်။

………………………………..

မြန်မာသို့ စစ်လက်နက်လွှဲပြောင်းပေးမှု စင်ကာပူငြင်း

မြန်မာစစ်ကောင်စီထံသို့ စစ်လက်နက်များအပါအဝင် စစ်ဖက်ဆိုင်ရာပစ္စည်းများ လွှဲပြောင်းပေးပို့ရန် ခွင့်ပြုထားခြင်း မရှိကြောင်း စင်ကာပူနိုင်ငံက ဇန်နဝါရီလ ၁၈ရက်က ငြင်းချက်ထုတ်သည်။

မြန်မာစစ်ကောင်စီက လက်နက်ထုတ်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများကို အမေရိကန်အပါအဝင် ဥပရောပ၊ အာရှ နိုင်ငံ ၁၃နိုင်ငံမှ နိုင်ငံတကာကုမ္ပဏီများက ထောက်ပံ့ရာတွင် စင်ကာပူနိုင်ငံမှာ ဗျူဟာကျသည့် ကြားခံနေရာ ဖြစ်နေသလို ကြားပွဲစားကုမ္ပဏီများစွာရှိနေကြောင်း SAC-M ၏ အစီရင်ခံစာတွင် ဖော်ပြသည်။

ယင်းအစီရင်ခံစာအပေါ် စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူဘက်က ငြင်းချက်ထုတ်လာခြင်းဖြစ်ပြီး အာဏာသိမ်းမှု မတိုင်ခင်က စီးပွားရေးဆိုင်ရာဆက်နွှယ်မှုများဖြစ်သည်ဟု CAN သတင်းသို့ ဖြေကြားထားသည်။

ထောက်ပံ့နေသည့် ပစ္စည်းများအား ပြည်သူများကို နှိမ်နင်းရာတွင် အသုံးပြုနိုင်သဖြင့် အလွန်အန္တရာယ်များပြီး မြန်မာ နိုင်ငံကို စစ်လက်နက်စီးဆင်းမှုကို တားဆီးရေး ကုလသမဂ္ဂအထွေထွေညီလာခံ၌ မဲခွဲဆုံးဖြတ်ရာတွင် စင်ကာပူက ထောက်ခံမဲပေးခဲ့သည်ဟုလည်း ဆိုထားသည်။

အစီရင်ခံစာပါအချက်များကို စုံစမ်းစစ်ဆေးပြီး ဥပဒေချိုးဖောက်သည့်ကုမ္ပဏီများကို အရေးယူမည်ဟုလည်း ပြောသည်။

………………………………..

လေကြောင်းအန္တရာယ်ကြောင့် ထန်တလန်တွင် စာသင်ကျောင်း ၉၀ကျော်ပိတ်ရ

ဓာတ်ပုံ – Chin World

ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ် တိုက်ခိုက်ခံရပြီးနောက် လေကြောင်းအန္တရာယ်ကို စိုးရိမ်သဖြင့် ချင်းပြည်နယ် ထန်တလန်မြို့တွင် ကြားကာလပညာရေးကျောင်း ၉၅ ကျောင်း ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်ရသည်။

တိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်ဘက်က ကင်းထောက်လေယာဉ်များဖြင့် ထောက်လှမ်းမှုများရှိနေသဖြင့် ဇန်နဝါရီလ ၁၆ရက်မှစတင်ကာ ကျောင်းများ ပိတ်ထားလိုက်ရခြင်းဖြစ်ကြောင်း ထန်တလန်မြို့နယ် ကြားကာလပညာရေး ဘုတ်အဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါ ကျောင်း ၉၀ကျော်တွင် ကျောင်းသား၊ ကျောင်းသူ တစ်သောင်းခွဲကျော် ပညာသင်ကြားနေခြင်းဖြစ်ကြောင်း RFA မြန်မာပိုင်းသတင်းတစ်ရပ်တွင် ဖော်ပြသည်။

………………………………..

ဗုံးကျရောက်မှု စိုးရိမ်ကြောင်း အိန္ဒိယထုတ်ပြောလာ

မြန်မာစစ်ကောင်စီတပ်က ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ်ကို တိုက်ခိုက်ရာတွင် အန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲ ဗုံးကျရောက်မှုကို စိုးရိမ်ကြောင်း အန္ဒိယဘက်က ထုတ်ပြောလာသည်။

မီဇိုရမ်ပြည်နယ်ထဲက မြစ်ကမ်းပါးတွင် ဗုံးတစ်လုံးကျရောက်ခဲ့ပြီး ယင်းကိစ္စအပေါ် စိုးရိမ်ကြောင်း မြန်မာနိုင်ငံဘက်သို့ ဆွေးနွေးပြောဆိုထားသည်ဟု အန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ်က ဇန်နဝါရီလ ၁၉ရက်တွင် ပြောဆိုသည်။

သို့သော် အန္ဒိယလေပိုင်နက်ကိုမူ ကျူးရောက်ဝင်ရောက်ခဲ့ခြင်း မရှိဟု ၎င်းက ငြင်းဆိုသည်။

မြန်မာစစ်ကောင်စီတပ်က ချင်းပြည်နယ် ထန်တလန်မြို့နယ်ထဲက CNF ဌာနချုပ်ကို ဇန်နဝါရီလ ၁ဝရက်နှင့် ၁၁ ရက်တို့တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ယင်းသို့တိုက်ခိုက်ရာတွင် အိန္ဒိယပိုင်နက်အသုံးပြုခဲ့သဖြင့် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များ၊ ချင်းအရပ်ဖက် အဖွဲ့များက အန္ဒိယဘက်ကို ကန့်ကွက်ခဲ့ကြသလို မီဇိုရမ်ပြည်နယ်က အရပ်ဖက်အဖွဲ့များကလည်း အန္ဒိယအချုပ်အခြာ အာဏာကို ထိပါးသည့်လုပ်ရပ်ဟု ကန့်ကွက်ခဲ့ကြသည်။

………………………………..

လေပိုင်နက် အသုံးပြုခွင့်မပေးရန် NUG တောင်းဆို

မြန်မာ့ အိမ်နီးချင်းနိုင်ငံများအနေဖြင့် လေပိုက်နက်အား မြန်မာစစ်ကောင်စီကို အသုံးပြုခွင့်မပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၁၇ရက်က ထုတ်ပြန်တောင်းဆိုလိုက်သည်။

CNF ဌာနချုပ်ကို မြန်မာစစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာတွင် အိန္ဒိယလေပိုင်နက်ကို ကျူးကျော်ဝင်ရောက်အသုံးပြုခဲ့ပြီး အိန္ဒိယပိုင်နက်ထဲပင် ဗုံးကျရောက်ခဲ့ကြောင်း ထောက်ပြထားသည်။

အလားတူ ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ် လေပိုင်နက်များကို ဝင်ရောက်အသုံးပြုတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်များရှိ ကြောင်းလည်း ဖော်ပြသည်။

ထို့ကြောင့် ဒေသတွင်းလုံခြုံရေး၊ တည်ငြိမ်ရေးနှင့် ပြည်သူ့အသက်အိုးအိမ် ဘေးကင်းလုံခြုံရေးအတွက် အိမ်နီးချင်းနိုင်ငံများအနေဖြင့် လေပိုင်နက်ကို အသုံးပြုခွင့် မပေးကြရန် မေတ္တာရပ်ခံတောင်းဆိုထားသည်။

အရပ်သားများနှင့် အများပြည်သူပိုင် အဆောက်အအုံများကို တိုက်ခိုက်ခြင်းအား ဆန့်ကျင်ရှုတ်ချထားသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် – ၂၆၆၉ အရ တောင်းဆိုခြင်းဖြစ်သည်ဟု ဆိုသည်။

………………………………..

မြန်မာစစ်ကောင်စီခေါင်းဆောင်နှင့် ထိုင်းစစ်ဦးစီးချုပ်တွေ့ဆုံမှု

ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ် Chalermpol Srisawat နှင့် မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ လောလောလတ်လတ် အပစ်ရပ်ထားသည့် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီကမ်းခြေတွင် ဇန်နဝါရီလ ၁၉ ရက်က တွေ့ဆုံခဲ့ကြသည်။

မြန်မာ-ထိုင်းနှစ်နိုင်ငံ စစ်ဘက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးတက်ရောက်လာစဉ် တွေ့ဆုံကြခြင်း ဖြစ်သည် ဟုဆိုပြီး နှစ်နိုင်ငံစစ်တပ်ကြား ချစ်ကြည်ရင်းနှီးရေး၊ နယ်စပ်ဒေသက ပြည်သူများ အေးချမ်းတည်ငြိမ်ရေး၊ သဘာဝဘေး၊ မူးယစ်ဆေးကိစ္စတို့ကို ဆွေးနွေးခဲ့ကြသည်ဟု စစ်ကောင်စီဘက်က ထုတ်ပြန်ထားသည်။

နိုင်ငံရေးအကဲခတ်များကမူ ထိုင်းနယ်စပ်တွင် လေကြောင်းတိုက်ခိုက်နေမှုများနှင့် ပတ်သက်သည့် ဆွေးနွေးချက်များ ပါဝင်နိုင်ကြောင်း သုံးသပ်ကြသည်။

ယင်းအပြင် မူးယစ်ဆေးဝါးရောင်းဝယ်မှုဖြင့် ဘန်ကောက်တွင် ဖမ်းဆီးခံရသည့် မြန်မာစစ်ကောင်စီတပ်၏ လက်နက်ပွဲစားဟုဆိုသည့် ခရိုနီလုပ်ငန်းရှင် ဦးထွန်းမင်းလတ်ထံတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သားသမီးများ၏ ပိုင်ဆိုင်မှုအချို့လည်း ပါဝင်နေသည့်ကိစ္စလည်း ပါဝင်နိုင်သည်ဟု ထောက်ပြကြသည်။

စစ်ကောင်စီခေါင်းဆောင် မလာမီ သံတွဲမြို့နှင် ငပလီတို့တွင် ကုန်းနှင့် ရေတို့၌ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားခဲ့သည်။

………………………………..

အစ္စရေးနည်းပညာနဲ့ ဖုန်းကြားဖြတ်ဖမ်းယူနေသလော

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT က ကြားဖြတ်ဖမ်းယူရေးကိရိယာ တင်သွင်းရောင်းချရန် တင်ဒါခေါ်ယူရာတွင် အစ္စရေးထောက်လှမ်းရေး နည်းပညာဝန်ဆောင်မှုကော်ပိုရေးရှင်း Cognyte Software Limited က ရရှိခဲ့ကြောင်း မြန်မာစစ်ကောင်စီတပ်ကို စောင့်ကြည့်နေသည့် Justice For Myanmar က ဇန်နဝါရီလ ၁၅ရက်က ထုတ်ပြန်သည်။

၂၀၂၀ ပြည့်နှစ်တွင် တင်ဒါအောင်မြင်ခဲ့ခြင်းဖြစ်ပြီး တရားဝင်ကြားဖြတ်ဖမ်းယူရေးကိရိယာ မြန်မာနိုင်ငံသို့ တင်သွင်း ရောင်းချမှုသည် နိုင်ငံတကာဥပဒေများနှင့် အစ္စရေးဥပဒေများကို ချိုးဖောက်ရာရောက်ဖွယ်ရှိသည်ဟု ဆိုသည်။

ကြားဖြတ်ဖမ်းယူရေး နည်းပညာ ဂိတ်တစ်ခုဝယ်ယူရန် ၂၀၂၀ ဒီဇင်ဘာလတွင် ယင်းကုမ္ပဏီထံ အမှာစာပေးခဲ့ပြီး ယင်းစနစ်ဖြင့် မြန်မာစစ်ကောင်စီတပ်က ဖုန်းခေါ်ဆိုမှုတွေကို အချိန်နှင့် တပြေးညီ ကြားဖြတ်နားထောင်နိုင်စေမည် ဖြစ်ကြောင်း ဖော်ပြသည်။ ယင်းမှာ စစ်တပ်၏ ရာဇဝတ်မှုကျူးလွန်ရာတွင် အားပေးရာရောက်သည်ဟုလည်း ဆိုသည်။

စစ်အုပ်စုက အာဏာသိမ်းပြီးနောက် တက်ကြွလှုပ်ရှားသူများနှင့် သတင်းထောက်များ၏ ဆက်သွယ်မှုများကို စောင့်ကြည့်ရန်နှင့် တည်နေရာကို ခြေရာခံရန် အီလက်ထရောနစ်စောင့်ကြည့်ထောက်လှမ်းသည့် လုပ်ငန်းကို တိုးချဲ့လုပ်ကိုင်လာကြောင်း JFM က ဆိုသည်။

ယင်းလုပ်ရပ်မှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ဖြစ်ကြောင်းလည်းဆိုသည်။

………………………………..

ပတ်စ်ပို့ထုတ်ပေးမှု ခြွင်းချက်မရှိ ရပ်ဆိုင်းလိုက်ပြီး

နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ ထုတ်ပေးမှု အားလုံးကို ဇန်နဝါရီလ ၁၇ရက်မှ စတင်ကာ ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။

ရန်ကုန်၊ မန္တလေးအပါအဝင် နိုင်ငံတဝန်းတွင် နိုင်ငံကူးလက်မှတ်ထုတ်ပေးမှုကို နည်းပညာအဆင့်မြှင့်ရန်ဆိုသည့် အကြောင်းပြချက်ဖြင့် ဇန်နဝါရီလ ၂ ရက်မှ စတင်ကာ ရပ်ဆိုင်းခဲ့သည်။

သို့သော် ပြည်ပသို့ တရားဝင်သွားရောက် အလုပ်လုပ်ကိုင်မည့် အလုပ်သမားများနှင့် ဘုရားဖူးသွားမည့်သူများအတွက် အထူးအစီအစဉ် (Green Channel) ဟုခေါ်သည့် လမ်းကြောင်းဖွင့်ထားပေးခဲ့သည်။

ယင်းလမ်းကြောင်းကိုပါ ဇန်နဝါရီလ ၁၇ ရက်တွင် ပိတ်လိုက်ခြင်းဖြစ်ပြီး ပတ်စ်ပို့ရုံးများ မည်သည့်အချိန်မှ ဖွင့်လှစ်မည်ကိုလည်း မသိရသေးပေ။

နိုင်ငံရေးမတည်ငြိမ်သဖြင့် မလုံခြုံမှု၊ စားဝတ်နေရေးကျပ်တည်းမှု စသည်တို့ကြောင့် ပြည်ပနိုင်ငံများသို သွားရောက်လုပ်ကိုင်မှု မြင့်တက်နေချိန် နိုင်ငံကူးလက်မှတ်ထုတ်ပေးမှုကို ရပ်ဆိုင်းလိုက်သဖြင့် တရားမဝင် လမ်းကြောင်းတစ်ခုတည်းဖြင့်သာ ပြည်ပသို့ သွားရောက်နိုင်တော့မည်ဖြစ်သည်။

………………………………..

ကယားပြည်နယ်နေ့ အခမ်းအနား တိုက်ခိုက်ခံရ

ကယားပြည်နယ် လွိုင်ကော်မြို့ ပြည်နယ်ခန်းမရှေ့၌ ဇန်နဝါရီလ ၁၅ရက် နံနက်ပိုင်းတွင် စစ်ကောင်စီက ကျင်းပသည့် ကယားပြည်နယ်နေ့အခမ်းအနား ပစ်ခတ်တိုက်ခိုက်ခံရသည်။

ယင်းတိုက်ခိုက်မှုတွင် အမျိုးသားတစ်ဦး သေဆုံးပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့၊ ကျောင်းသူ၊ ကျောင်းသူ ကလေးငယ် ခြောက်ဦး၊ အရပ်သား နှစ်ဦးတို့ ထိခိုက်ဒဏ်ရာရကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားသည်။

ယင်းအခမ်းအနားကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟုလည်း စွပ်စွဲခဲ့သည်။

KNPP ကမူ တိုက်ခိုက်မှုလုပ်ရန် ညွှန်ကြားထားခြင်းမရှိဟု စွပ်စွဲချက်ကို ပယ်ချသလို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF Loikow) ကလည်း တိုက်ခိုက်မှုကို ၎င်းတို့ လုပ်ဆောင်းခြင်း မဟုတ်ဟု မီဒီယာအချို့တွင် ငြင်းချက်ထုတ်ထားသည်။

လူစုလူဝေးကို တိုက်ခိုက်အပေါ် မလုပ်ဆောင်သင့်ကြောင်း ဝေဖန်ထောက်ပြမှုများလည်း ရှိနေသည်။

တိုက်ခိုက်ခံရသော်လည်း အခမ်းအနားကို ဆက်လုပ်ခဲ့သည်ဟု ဒေသတွင်း သတင်းတစ်ရပ်တွင် ဖော်ပြသလို တိုက်ခိုက်မှုအပြီး လမ်းသွားလမ်းလာများကို ဖမ်းဆီးရိုက်နှက်စစ်ဆေးခြင်းများရှိခဲ့သည်ဟုလည်း သတင်းအချို့တွင် ဖော်ပြသည်။

………………………………..

ရွေးကော်ရုံးနှင့် လဝကရုံး မီးရှို့ခံရ

ရွေးကောက်ပွဲကို သတိပေးတားမြစ်သည့်အနေဖြင့်ဟုဆိုကာ စစ်ကိုင်တိုင်းထဲက မြို့နယ်အဆင့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးနှင့် လူဝင်မှုကြီးကြပ်ရေးရုံးတို့ တိုက်ခိုက်ခံလိုက်ရသည်။

တမူးမြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးကို ဇန်နဝါရီလ ၁၉ ရက်တွင် တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တပ်ရင်း (၅) တို့ ပူးပေါင်းပြီး မီးရှို့ဖျက်ဆီး ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်ဆက်နွယ်သူများကိုလည်း ပြင်းပြင်းထန်ထန် အရေးယူမည်ဟု ဆိုသည်။

မြင်းမူမြို့နယ်က လဝကရုံးကိုလည်း ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်ယူရန် ပြင်ဆင်နေမှုကြောင့် ဇန်နဝါရီလ ၁၇ရက် ညပိုင်းက မီးရှို့ဖျက်ဆီးခဲ့ကြောင်း အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD) က ထုတ်ပြန်ထားသည်။

မဲစာရင်း၊ မဲစာရင်းပြုစုရာတွင် အသုံးပြုသည့် စာရွက်စာတမ်း၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

………………………………..

လူဦးရေစာရင်းကောက်သည့် ထွေအုပ်ဝန်ထမ်းများ ဖမ်းဆီးခံရ

ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်ယူရာတွင် ပါဝင်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းများ ဖမ်းဆီးခံရမှုများ ရှိလာသလို ပစ်ခတ်ခံရမှုများလည်း ဆက်တိုက်ရှိလာခဲ့သည်။

စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင် လူဦးရေစားရင်းကောက်ယူနေချိန် ထွေအုပ်ဝန်ထမ်း အမျိုးသမီးသုံးဦးနှင့် အမျိုးသားတစ်ဦးတို့ ဇန်နဝါရီလ ၁၄ရက်တွင် မြောင်မြို့နယ်တော်လှန်ရေးတပ် (MRA) က ဖမ်းဆီးသွားခြင်းဖြစ်သည်။

ယင်းဝန်ထမ်းများကို အကြမ်းဖက်မှုဥပဒေနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အရေးယူမည်ဟု ဖမ်းဆီးပြီး တစ်ရက်အကြာ ဇန်နဝါရီလ ၁၅ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်လာသည်။

လူဦးရေစာရင်းကို ဇန်နဝါရီလ ၉ ရက်မှစတင်ကာ ကောက်ယူနေခြင်းဖြစ်ပြီး ယင်းနှင့်ပတ်သက်၍ တနင်္သာရီ၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ မွန်၊ ကရင်နှင့် ချင်းပြည်နယ်တို့တွင် ပစ်ခတ်တိုက်ခိုက်ခံရမှု ၁၀ ကြိမ်ထက် မနည်းရှိကာ ရဲတပ်ဖွဲ့ဝင်များ အပါအဝင် ကျေးရွာအုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူအချို့ သေဆုံးခဲ့သည်။

………………………………..