ထားဝယ် ကမ်းနားဈေးကငါးဒိုင်များကို ပုဂ္ဂလိကပိုင်ငါးဈေးအသစ်သို့ ဖိအားပေးပြောင်းခိုင်းဟုဆို

0
2860

ထားဝယ်မြို့ ကမ်းနားဈေးက ငါးဒိုင်များကို အောင်တံခွန်ကိုယ်ပိုင်ငါးဈေးအသစ်သို့ ဖေဖော်ဝါရီလ ၂ ရက်နေ့ အပြီးပြောင်းရွေ့ပေးရန် ဖိအားပေး ပြောဆိုမှုများရှိနေကြောင်း ငါးဒိုင်ရှင်အချို့က ပြောသည်။

လက်ရှိဈေးမှာ လူနေအိမ်များအနီးတွင်ရှိနေသဖြင့် အနံ့အသက်များနံခြင်း၊ စနစ်တကျ မဖြစ်ခြင်း၊ အောင်တံခွန် ငါးဈေးသစ်တွင် တစုတစ်စည်းတည်း ရောင်းချ၍ရခြင်းတို့ကြောင့် ပြောင်းရွှေ့ရန် ဇန်နဝါရီလ ဒုတိယအပတ် အစည်းအဝေးခေါ်ယူစဉ် တိုင်းရဲတပ်ဖွဲ့မှူးက ပြောဆိုကြောင်း ၎င်းတို့က ဆိုသည်။

အဆိုပါအစည်းအဝေးတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အောင်တံခွန်ကိုယ်ပိုင်ငါးဈေး၏ အစုရှယ်ယာရှင်နှင့် ငါးဒိုင်များကို သီးသန့်ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း ငါးဒိုင်ရှင်အချို့က ပြောဆိုသည်။

“အခု နှစ်လပိုင်း နှစ်ရက်နေ့ အပြီးပြောင်းရမယ်ပြောတယ်။ အပြီးထွက်ရမယ်တဲ့။ မထွက်ခဲ့သည်ရှိသော် သူတို့ကို အဆိုးမဆိုနဲ့တဲ့။ တစ်ယောက်နဲ့တစ်ယောက် အဆိုးလည်း မဖြစ်ခိုင်းနဲ့တဲ့” ဟု ငါးဒိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

ကမ်းနားဈေးကို ဈေးအင်္ဂါရပ်နှင့်အညီဟုဆိုကာ NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် ဈေးသစ်ပြန်ဆောက်ခဲ့သည်။

ယင်းသို့ဆောက်လုပ်စဉ်ကလည်း ငါးဒိုင်များမှာ ယာယီဈေးဖြင့် ရောင်းချခဲ့ရပြီး ဈေးသစ်ဆောက်ရွာတွင်လည်း ဈေးခုံကို မိမိငွေဖြင့် အိတ်စိုက်ဆောက်လုပ်ခဲ့ရကြောင်း ငါးဒိုင်ရှင်များထံမှ သိရသည်။

ဈေးသစ်ဖွင့်သည့်ကာလမှာ ကိုဗစ်ကပ်ဘေးနှင့်ကြုံရသဖြင့် လုပ်ငန်းသေသေချာချာ မလည်ပတ်နိုင်ဖြစ်ခဲ့ရကြောင်း ၎င်းတို့က ဆိုသည်။

ကမ်းနားဈေးတွင် ဆိုင်ခန်းခ သီးသန့်မပေးရဘဲ ငါးပုံးတစ်ပုံလျှင် ဈေးကောက် ငွေကျပ် ၂၀၀၀ သာ ပေးရသဖြင့် လက်ရှိနေရာတွင် အဆင်ပြေနေချိန် ဈေးသစ်ကို ပြောင်းရွှေ့ခိုင်းနေခြင်းဖြစ်သည်ဟု ငါးဒိုင်ရှင်အချို့က ပြောသည်။

“တကယ်လို့ နှစ်လပိုင်း နှစ်ရက်နေ့ကို မပြောင်းနိုင်ဘူး။ မပြောင်းဘဲနေလို့ ဘူဒိုဇာနဲ့ထိုးမယ်ဆိုလာထိုး၊ ခံမယ်။ ရိုက်ခွဲမယ်ဆိုလည်း ရိုက်ခွဲခံမယ်။ အချိန်ပေးပါလို့ အဲဒီတစ်ခွန်းတော့ ဗိုလ်ကြီးကို ပြန်ပြောထားတယ်” ဟု ငါးဒိုင်ရှင် တစ်ဦး ပြောဆိုသည်။

အောင်တံခွန်ငါးဈေးကို ကြက်စားပြင်ရပ်ကွက်ရှိ မြေနေရာ၌ ၂၀၂၂ ခုနှစ် အာဏာသိမ်းကာလတွင် ကနဦးက နှစ်၂၀ ငှားရမ်းလုပ်ကိုင်ခြင်းဖြစ်ပြီး ယခုမူ နှစ် ၅၀ စာချုပ်ဖြင့် ရင်းနှီးမြုပ်နှံငွေ ကျပ်သိန်းပေါင်း နှစ်သောင်းခန့်ဖြင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင် ခုနစ်ဦးက ငှားရမ်းလုပ်ကိုင်နေခြင်းဖြစ်သည်။

ယင်းဈေးတွင် ဆိုင်ခန်း ၃၉ ခန်းပါရှိမည်ဖြစ်ပြီး လက်ရှိတွင် မျက်နှာစာ ပေ ၂၀ အလျား ၃၀ ပေရှိ ဆိုင်ခန်း ၁၈ ခန်း ပြီးနေပြီဖြစ်ကြောင်း အစုရှယ်ယာလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ဆိုင်ခန်းတစ်ခန်းကို နှစ် ၂၀ စာချုပ်ဖြင့်ငှားရမ်းမည်ဆိုက ကျပ်သိန်း ၆၀၀ ကို အရစ်ကျပေးချေကာ ငှားရမ်းရမည်ဖြစ်ပြီး တစ်လငှားရမ်းက နှစ်သိန်းခွဲကျပ်ဖြင့် ငါးနှစ်စာချုပ်၊ ဆယ်နှစ်စာချုပ် စသဖြင့် ချုပ်ဆို၍လည်း ငှားရမ်းနိုင်သည်ဟု သိရကြောင်း ငါးဒိုင်ရှင်အချို့က ဆိုသည်။

“ငွေကြေးအခက်အခဲလည်းရှိတယ်။ လမ်းပန်းဆက်သွယ်ရေး အခက်အခဲလည်းရှိတယ်။ လုံခြုံရေးပိုင်းလည်း အခက် အခဲရှိတယ်။ ပြီးတော့ သူတို့ဟာက ဈေးအင်္ဂါရပ်နဲ့ မညီဘူးပေါ့နော်။ ငါးလုပ်တယ်ဆိုတာ ရေခဲစိမ်ရမယ်။ ရေရှိရမယ် အားလုံးပစ္စည်းအစုံရှိရမယ်။ လှေဝင်လှေထွက်ဖို့အတွက် ဘောတွေရှိရမယ်။ သူတို့လုပ်ထားတဲ့နေရာက ကားလမ်း အဆင်မပြေဘူး။ ငါးဒိုင်တွေဆီကိုလာတာက တနိုင်တပိုင်ငါးတွေပဲ လာတယ်၊ ချောင်းက တိမ်တယ်ဆိုတော့ လှေက အမြဲတမ်း အချိန်မရွေးတက်လည်းမရဘူး” ဟု အထက်ပါ ငါးဒိုင်ရှင်တစ်ဦးက ပြောသည်။

ကမ်းနားဈေးမှာ ပြည်သူများလာရောက်ဝယ်နိုင်သည့် နေရာဖြစ်ခြင်း၊ အချက်အချာကျခြင်း၊ ငါးဒိုင်များမှာ ဒေသတွင်း တနိုင်တပိုင် ဖြန့်ဖြူးရောင်းချနေသူများဖြစ်ခြင်းကြောင့် နှစ်ရှည်ငှားရမ်းခ ပေးသွင်းရန် မတတ်နိုင်ခြင်း၊ ယင်းဈေးသို့ ဝင်သည့်ငါးများမှာ နိုင်ငံခြားသို့ Export လုပ်မရသည့် ရောင်းတန်းမဝင်သည့် ငါးများဖြစ်ခြင်း၊ ပုဂ္ဂလိကဈေးသစ်မှာ ဈေးအင်္ဂါရပ်များနှင့် ပြည့်စုံမှုမရှိသေးခြင်းတို့ကြောင့် မပြောင်းရွှေ့လိုကြခြင်းဖြစ်သည်ဟု ဆိုကြသည်။

အောင်တံခွန်ကိုယ်ပိုင်ငါးဈေးဆိုင်ခန်းများကို မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဖိအားပေး အတင်းဝယ်ယူခိုင်းခြင်းမျိုး မပြုလုပ်ခဲ့ကြောင်း ယင်းဈေး၏ လူမှုကွန်ရက်စာမျက်နှာတွင် အသိပေးကြေညာထားသည်။

“ကြိုက်တဲ့နေရာကို သူတို့ပြောင်းခွင့်ရှိတယ်။ ဒီဈေးကို ပြောင်းရမယ်ဆိုတာမျိုး မဟုတ်ဘူး။ နေရာရှာရဖို့က သူတို့ ပဲလေ။ သူတို့ကို ခွင့်ပြုထားတဲ့နေရာတွေလည်းရှိမယ်၊ လိုက်မေးရမှာပေါ့။ ဘယ်နေရာကောင်းတယ်၊ ဘယ်နေရာ ပိုသင့်တော်တယ်ဆိုတာ သူတို့ရှာရမှာပေါ့။ စီးပွားရေးလုပ်တယ်ဆိုတော့ Marketing တော့ လုပ်ရမှာပေါ့။ စည်းရုံး ရမှာပေါ့။ ဒါပေမဲ့ ဖိအားပေးခြိမ်းခြောက်တာတွေတော့ လုပ်ခွင့်မရှိဘူးလေ” ဟု အောင်တံခွန် ကိုယ်ပိုင်ငါးဈေး၏ အစုရှယ်ယာရှင်တစ်ဦးက ပြောဆိုသည်။

အောင်တံခွန် ကိုယ်ပိုင်ငါးဈေးကို ပြောင်းရွှေ့ မရွှေ့ဆိုသည့်ကိစ္စကို ငါးဒိုင်အားလုံး တိုင်ပင်ဆွေးနွေးကြဦးမည် ဖြစ်ကြောင်း ငါးဒိုင်ရှင်အချို့က ပြောသည်။