ကံပေါက်ဒေသ ဟိန္ဒူမီးနင်းပွဲ ယခုနှစ်တွင်လည်းကျင်းပခြင်းမရှိဘဲ ပူဇော်ပွဲသာကျင်းပ

0
2899

ကံပေါက်ဒေသ၏ နာမည်ကျော်ပွဲတော်တစ်ခုဖြစ်သော ဆရီကာလီယမ္မားမယ်တော်ကြီး ဘုရားကျောင်းက ဦးဆောင် ကျင်းပသည့် မီးနင်းပွဲနှင့် ဓားတက်ပွဲတော်ကြီးကို ယခုနှစ်တွင်လည်း မကျင်းပဖြစ်ဘဲ ကျောင်းတွင်းပူဇော်ပွဲသာ ကျင်းပပြုလုပ်ခဲ့သည်။

ထားဝယ်ခရိုင် ၊ ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသတွင် အစည်ကားဆုံးပွဲတော်တစ်ခုဖြစ်ပြီး ၁၉၉၄ ခုနှစ်မှစကာ နှစ်စဉ်ဇန်နဝါရီလတိုင်း ကျင်းပ‌လေ့ရှိသော်လည်း ယခုမကျင်းပဖြစ်သည်မှာ ၃ နှစ်ခန့်ရှိပြီဖြစ်သည်။

ယခုနှစ်ပူဇော်ပွဲကို ဇန်နဝါရီလ ၈ ရက်မှ ၁၂ ရက်နေ့အထိကျင်းပခဲ့ပြီး သက်သက်လွတ် စတုဒီသာကျွေးခြင်း၊ နေ့ပူဇော်ပွဲ၊ ညပူဇော်ပွဲများပြုလုပ်ခြင်းနှင့် မီးဟုမ်းပူဇော်ခြင်းများကိုသာ ပြုလုပ်ခဲ့ကြောင်း ဘုရားကျောင်းပူဂျာရီအဖွဲ့က ပြောဆိုသည်။

ယခုနှစ်တွင် ဘုရားကျောင်း ပြန်လည်ပြုပြင်မွမ်းမံပြီးစီးခဲ့သည့်အတွက် မန္တလေးမြို့မှ ပုရောဟိတ် ပုဏ္ဏားများ ပင့်ဖိတ်ပြီး ဘုရားကျောင်းထီးတင်ပွဲကိုပါ ကျင်းပပြုလုပ်ခဲ့ကြောင်း ၎င်းကဆိုသည်။

ကံပေါက်ဒေသမှ အဆိုပါဟိန္ဒူဘုရားကျောင်းသည် နှစ် ၃၀ ကျော်သက်တမ်းရှိပြီး ၂၀၀၄ ခုနှစ်တွင်တစ်ကြိမ် ၊ ၂၀၂၁ နှင့် ၂၀၂၂ ခုနှစ်တွင်တစ်ကြိမ် အကြီးစားမွမ်းမံပြင်ဆင်မှုပြုလုပ်ခဲ့ပြီး ယခုမှသာပထမဆုံးအကြိမ်ထီးတင်ပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဘုရားပွဲတော်ကို ဟိန္ဒူဘာသာဝင်တို့၏ နဝရာသီပွဲတော်ကာလ(အောက်တိုဘာလ)တွင်တစ်ကြိမ် ၊ ဇန်နဝါရီလ တွင်တစ်ကြိမ် နှစ်စဥ်နှစ်ကြိမ်ပြုလုပ်လေ့ရှိပြီး ဇန်နဝါရီလတွင် ကျင်းပသည့်ယခုပွဲတော်မှာ မီးနင်းပွဲနှင့် ဓားတက်ပွဲဖြစ်သည်။

အဆိုပါပွဲတော် နှစ်ခုစလုံးကို ကိုဗစ်ကပ်ရောဂါဖြစ်သည့်နှစ်မှစပြီး လှည့်လည်ပူဇော်ပွဲနှင့် ဖျော်ဖြေရေးများ ထည့်သွင်းကျင်းပခြင်း မပြုလုပ်ဘဲ ပူဇော်ကန်တော့ပွဲကိုသာ ပြုလုပ်ခဲ့သည်မှာ သုံးနှစ်ဆက်တိုက်ရှိပြီ ဖြစ်သည်။