ပုလော၊ သင်္ကန်းတောရွာ သုံးရက်ဆက်တိုက် လက်နက်ကြီးပစ်ခံနေရ

0
3017

မြိတ်ခရိုင်၊ ပုလောမြို့နယ်ရှိ သင်္ကန်းတောရွာကို လက်နက်ကြီးဖြင့် ပစ်နေသည်မှာ သုံးရက်ဆက်တိုက် ရှိလာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဇန်နဝါရီလ ၉ ရက်မှ ယနေ့ ၁၁ ရက် နံနက်အထိ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် သင်္ကန်းတောရွာဘက်သို့ ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

ဇန်နဝါရီလ ၈ ရက်နေ့က တိုကျေးရွာအနောက်တောင်သို့ စစ်ကောင်စီတပ်သားများ ရောက်ရှိလာပြီး နောက်တစ်ရက်တွင် စတင်ပစ်ခတ်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

“တိုက်ပွဲသဘောမျိုးတော့ မဟုတ်ဘူး။ သူတို့ (စစ်တပ်) ကို PDF တွေက စနိုက်ပါနဲ့ ဟိုနားဒီနား သွားသွား ချောင်းပစ် တယ်ကြားတယ်။ ဟိုကလည်း PDF ရှိတယ်အထင်နဲ့ သင်္ကန်းတောရွာထဲ လက်နက်ကြီးတွေနဲ့ ပြန်ပြန်ပစ်တာ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

လက်နက်ကြီး ကျရောက်နေသဖြင့် သင်္ကန်းတောရွာအတွင်း ပြန်လည်နေထိုင်သူအချို့ ထွက်ပြေးကြရသလို
တိုရွာသို့ ပြန်လာနေသူများလည်း စစ်ကောင်စီတပ် ရောက်ရှိလာသဖြင့် ထွက်ပြေးခဲ့ရကြောင်း ဒေသခံတို့က ပြောဆိုသည်။

“ဒီနေ့က ပစ်တာ ပိုကြမ်းလာတယ်။ လက်နက်ကြီးရော၊ လက်နက်ငယ်အသံတွေပါ ကြားနေရတယ်” ဒေသခံ အမျိုးသားနောက်တစ်ဦးက ပြောသည်။

စနိုက်ပါဖြင့် ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သားအချို့ သေဆုံးမှုရှိသည်ဟု ကြားသိရကြောင်း ဒေသခံအချို့က ပြောဆိုကြပြီး Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

ပြီးခဲ့သည့် ဒီဇင်ဘာလ ပထမပတ်ကစပြီး ပုလောမြို့နယ် ပလမြို့ရဲစခန်းနှင့် ဘဏ်အပါအဝင် အုပ်ချုပ်ရေးမှူးရုံးတို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က တိုရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။

ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် တို၊ တန်းရှင်း၊ သင်္ကန်းတောနှင့် ကဒဲရွာများသို့ စစ်ကောင်စီတပ်က အင်အား အလုံးအရင်းဖြင့် ဝင်ရောက်ရာ ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ယင်းနောက် စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာခဲ့ပြီး ဇန်နဝါရီလ ၈ ရက်နေ့တွင် တိုရွာအနောက်တောင်သို့ ပြန်လည်တပ်စွဲလာခြင်းဖြစ်သည်။