ထားဝယ်တွင် စက်ဘီးသူခိုးများ သောင်းကျန်းလာ

0
3163

ထားဝယ်မြို့တွင် စက်ဘီး အခိုးခံရမှုများလာကြောင်း မြို့ခံအချို့ထံမှ သိရသည်။

လမ်းဘေးတွင် ရပ်ထားသည့် စက်ဘီးအခိုးခံရသည့်အပြင် ဆိုင်တွင်ရောင်းချနေသည့် စက်ဘီးများကိုပါ ခိုးယူလာကြကြောင်း ထားဝယ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ထားဝယ်တွင် ကျန်းမာရေးအတွက် စက်ဘီးစီးသူများ ရှိလာပြီး အာဏာသိမ်းပြီးနောက်ပိုင်း စက်သုံးဆီဈေးများ မြင့်တက်သွားခြင်း၊ စက်သုံးဆီပြတ်လပ်ခြင်းတို့ကြောင့်လည်း စက်ဘီးစီးသူ ပိုများလာသည်။

စက်ဘီးစီးသည့် အလေ့အထ ပြန်လည်ကျယ်ပြန့်လာပြီး တစ်စီးလျှင် ငွေကျပ် တစ်သိန်းဝန်းကျင်မှ သိန်း ၇၀ ဝန်းကျင်အထိ တန်ဖိုးရှိ စက်ဘီး အမျိုးအစားများကို စီးနင်းလေ့ရှိသည်။

အထက်ပါအမျိုးသား၏ အဆိုအရ အသိမိတ်ဆွေအသိုင်းအဝိုင်းတွင် အချိန်လပိုင်းအတွင်း အခိုးခံရသည့်စက်ဘီး ခြောက်စီးအထိရှိနေပြီး နောက်ထပ်အခိုးခံရသူများလည်းရှိနေသေးသည်ဟု ဆိုသည်။

လက်ရှိပျောက်ဆုံးနေသည့် စက်ဘီးများတွင် သော့အိမ်မပါကြသည့်အတွက် အလွယ်တကူပင် ခိုးယူခံနေရကြောင်း အထက်ပါ အမျိုးသားက ဆိုသည်။

ထိုသို့အခိုးခံရသော်လည်း ရဲစခန်းသို့ မတိုင်ကြားကြဘဲ ကိုယ့်နည်းကိုယ့်ဟန်ဖြင့်ပင် ရှာဖွေနေကြကြောင်း ၎င်းက ပြောသည်။

“ဆိုင်ကယ်ပျောက်တာတောင် ပြန်ရှာမတွေ့တော့တာ။ စက်ဘီးပျောက်တာဆို ရဲကလည်း အရေးလုပ်မှာမဟုတ်လို့ မတိုင်ကြတာ” ဟု ယင်းအမျိုးသားက ပြောဆိုသည်။

ထားဝယ်မြို့မှ အခြားအမျိုးသားတစ်ဦးကလည်း စက်ဘီးပျောက်ဆုံးမှုများနေသည်မှာ မှန်ကန်ပြီး ကလေးများ ကစားသည့်နေရာနှင့် နေအိမ်တွင် အခိုးခံရမှု ပိုများသည်ဟု ဆိုသည်။

“ဟိုနေ့ကတောင် သားလေးသူငယ်ချင်းရဲ့ စက်ဘီးအခိုးခံလိုက်ရသေးတယ်။ ကလေးတွေ ကစားနေတဲ့နေရာမှာ ခိုးသွားတာ” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် အခိုးခံရသည့် စက်ဘီးအနည်းအကျဉ်းကိုသာ ပြန်ရပြီး သူခိုးကို ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။

ပြီးခဲ့သည့်လအနည်းငယ်က ပျောက်ဆုံးသွားသည့် စက်ဘီးကို ထားဝယ်မြို့ ဉဿရံရပ်ကွက်ရှိ အဟောင်းဆိုင်တွင် ရောင်းချထားခဲ့သည့် ဖြစ်စဉ်များလည်းရှိနေသည်။

ကျပ်သိန်း ၂၀ ဝန်းကျင်တန် စက်ဘီးကို ကျပ်ငါးသောင်းဖြင့် အဟောင်းဆိုင်တွင် ရောင်းချထားခဲ့ခြင်းဖြစ်ပြီး ပိုင်ရှင်ဖြစ်သူက ကျပ်နှစ်သိန်းဖြင့် ပြန်လည်ဝယ်ယူခဲ့ရကြောင်း ပိုင်ရှင်၏ သူငယ်ချင်းဖြစ်သူက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးကျပ်တည်းမှုနှင့်အတူ ထားဝယ်ဒေသတွင် ဆိုင်ကယ်၊ စက်ဘီး ပျောက်ဆုံး မှုများ ခပ်စိပ်စိပ်ဖြစ်လာသည်။