ပုလော မီးလောင်ချောင်းရွာသားများ ရွာမပြန်နိုင်သေး၊ ဥယျာဉ်ခြံလုပ်ငန်းများ ပစ်ထားရ

0
3007

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာတွင် နှစ်ဖက်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ဒေသခံများ နေရပ်မပြန်နိုင်ကြသေးကြောင်း ဒေသခံများထံမှ သိရသည်။

မီးလောင်ချောင်းရွာတွင် ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၅ နာရီမှ နံနက် ၁၀ နာရီအထိ စစ်ကောင်စီတပ်နှင့် ပြည်သူ့ ကာကွယ်ရေးမဟာမိတ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွာကြောင်း ဒေသခံများက ပြောသည်။

“ဖြစ်ဖြစ်ခြင်း တစ်ရွာလုံး အကုန်ပြေးကြ၊ ရှောင်ကြတာပေါ့။ အခုအချိန်ထိ ရွာပြန်မရဲကြသေးဘူး။ အလုပ်လည်း မလုပ်ကြရဘူးဖြစ်နေတယ်” ဟု ဒေသခံအမျိုးသားက ပြောသည်။

ဇန်နဝါရီလ ၉ ရက်နှင့် ယနေ့တို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့သော်လည်း ကျေးရွာထဲတွင် စစ်ကောင်စီတပ် ရှိနေသေးသဖြင့် ရွာမပြန်ရဲကြခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

မီးလောင်ချောင်းရွာတွင် အိမ်ခြေသုံးရာနီးပါးရှိပြီး ဒေသခံအများစုမှာ ရော်ဘာနှင့် ကွမ်းသီးစိုက်ပျိုးခြင်းလုပ်ငန်းတို့ လုပ်ကိုင်ကြပြီး လက်ရှိတွင် လုပ်ငန်းများကို မလုပ်ကိုင်နိုင်ကြတော့ကြောင်း ၎င်းတို့ထံမှ သိရသည်။

အလားတူ မီးလောင်ချောင်းအနီးရှိ ကြဲရွာနေ ဒေသခံများသည်လည်း အဆိုပါ တိုက်ပွဲကြောင့် ရှောင်တိမ်းနေကြ ရကြောင်း ကြဲရွာဒေသခံတို့က ပြောသည်။

“ရှောင်နေ တိမ်းနေရတာကတော့ နှစ်ရွာစလုံးပဲ။ ဂေါ်လီချေး (ရော်ဘာချေး) တွေလည်း နှစ်ရွာစလုံးက မဝယ်ကြတော့ဘူးဆိုတော့ အခြေခံအလုပ်သမားတွေအတွက်ရော စားသောက်ရေး အခက်အခဲကြုံနေတယ်” ဟု ၎င်းက ပြောဆိုသည်။

ယင်းရွာနေ အခြေခံအလုပ်သမားအများစုမှာ ရော်ဘာချေး ခြစ်ကာ တစ်ဆင့်ပြန်လည်ရောင်းချခြင်းဖြင့် ဝမ်းရေး ဖြေရှင်းနေကြရသူများဖြစ်ကြကြောင်း ၎င်းတို့ထံမှ သိရသည်။

ဇန်နဝါရီလ ၈ရက်နံနက်က ပုလောမြို့နယ်၊ မီးလောင်ချောင်းရွာရှိ စစ်ကောင်စီတပ်စခန်းငယ်တစ်ခုအား KNDO ဦးစီး သည့် ပူရိယက္ခညီနောင်စစ်ကြောင်းနှင့် မဟာမိတ်တပ်ပေါင်းစုတို့က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့ PRDF က ဇန်နဝါရီလ ၉ ရက်တွင် ထုတ်ပြန်ထားသည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ တစ်ဦး သေဆုံးကာ သုံးဦးဒဏ်ရာရပြီး မဟာမိတ်တပ်ဘက် တစ်ဦး ဒဏ်ရာရအနည်းငယ်ရသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တိုက်ခိုက်ရာတွင် KNDO ဦးစီးပြီး ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ PRDF၊ ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF၊ မိုးကြိုးအဖွဲ့နှင့် Ghost Ranger တို့က ပူးပေါင်းပါဝင်ခဲ့ကြောင်း ရေးသားထားသည်။

တနင်္သာရီတိုင်းအတွင်း ပုလောမြို့နယ်သည် တိုက်ပွဲဖြစ်ပွားမှုအများဆုံးဒေသတစ်ခုဖြစ်ပြီး ကျေးရွာနှစ်ဆယ်ကျော်မှ ဒေသခံများ တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေကြရသည်။