မြိတ်တွင် ဆိုင်ကယ်ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်လာ

0
2939

မြိတ်မြို့ရှိ လမ်းဆုံလမ်းခွများတွင် ဆိုင်ကယ်ဖမ်းဆီးမှု နေ့စဉ်ဆက်တိုက် ပြုလုပ်လာ‌နေကြောင်း မြို့ခံများကဆိုသည်။

ဒီဇင်ဘာလလယ်ခန့်မှစပြီး လက်ရှိအချိန်အထိ နေ့တိုင်းနီးပါး ဖမ်းဆီးမှုများရှိလာနေကြောင်း အငှားမော်တော်ဆိုင်ကယ်နှင့် သုံးဘီးယာဉ်မောင်းသူအချို့ကလည်းဆိုသည်။

“ဆိုင်ကယ်မဖမ်းတဲ့နေ့ မရှိဘူး၊ နေ့တိုင်း တစ်နေရာမဟုတ် တစ်နေရာ ဖမ်းနေတာတွေ့တယ်။ ကိုယ်မတွေ့တဲ့နေ့ဆို သူများလာပြောပြလို့ ဘယ်နေရာမှာ ဖမ်းနေလဲဆိုတာ သိရတယ်” ဟု မြို့သစ်ရပ်နေ အငှားမော်တော်ဆိုင်ကယ် မောင်းသူတစ်ဦးက ပြောသည်။

အဆိုပါ မော်တော်ဆိုင်ကယ်များ ဖမ်းဆီးရာတွင် ဦးထုပ်မဆောင်းခြင်း၊ နံပါတ်ပြားမတပ်ခြင်း၊ မှန်ကိုင်းမပါခြင်း၊ ယာဉ်နှင့်ယာဉ်မောင်း လိုင်စင်ပါ၊မပါ စသဖြင့် စစ်ဆေးဖမ်းဆီးနေခြင်းဖြစ်ကြောင်း မော်တော်ဆိုင်ကယ် စီးနင်းသူအချို့က ပြောပြသည်။

“အားလုံးစုံနေတာတောင် ဘီးခွန်မပါလို့ဆိုပြီး ဒဏ်ကြေး ‌ခြောက်ထောင်ပေးလိုက် ရသေးတယ်” ဟု အဖမ်းဆီးခံရသည့် မော်တော်ဆိုင်ကယ်သမားတစ်ဦးက ပြောသည်။

မြို့ပေါ်ရှိ နာရီစင်အနီး အိသပြေလမ်းဆုံ၊ ဗရာဂျီတောင်ကုန်းအဆင်း၊ ထားဝယ်ကမ်းတံတားထိပ်၊ မြို့သစ်တံတားထိပ်၊ လေယာဉ်ကွင်းအနီး ကန်စွန်းအင်းလမ်းဆုံ၊ ပုလဲမွန်လမ်းဆုံ၊ တောရကျောင်းလမ်းဆုံ၊ ဘုရားကိုင်ညောင်ပင်ကြီးအောက်၊ အရှေ့သိမ်ကျောင်းလမ်းဆုံ စသည့်နေရာတို့တွင် ပုန်း၍စောင့်ဆိုင်းပြီး ဖမ်းဆီးလေ့ရှိကြသည်။

“တအားဖမ်းနေတာ တိုးချဲ့လမ်းကြား( မြိတ်တောင်နယ်မြေ အောင်ဆန်းလမ်းမကြီးနှင့် လမ်းသွယ်တချို့) ထဲမှာတောင် ဝင်ဖမ်းနေတယ်။ ထမင်းစားချိန်တောင် မနားဘဲ ဖမ်းနေကြတာ” ဟု မျက်မြင်တွေ့ရှိသူ အမျိုးသမီးတစ်ဦးက ဇန်နဝါရီလ ၇ ရက်နေ့တွင် ပြောသည်။

ဖမ်းဆီးခံရသည့် မော်တော်ဆိုင်ကယ်တို့အား ယာဉ်ထိန်းရဲရုံးတွင် သတ်မှတ်ထားသည့် ဒဏ်ကြေးငွေအနည်းဆုံး သုံးသောင်းကျပ်မှ ငါးသောင်းကျပ်အထိ ပေးသွင်းကာ ဆိုင်ကယ်အား ပြန်လည်ထုတ်ပေးပြီး ယာဉ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင် တစ်ခုခုကိုမူ ဆက်လက်သိမ်းဆည်းထားကြောင်း ဆိုင်ကယ်အဖမ်းခံရဖူးသူ တချို့က ပြောပြသည်။

အဆိုပါ သိမ်းထားသည့် ယာဉ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင်တို့ကို ဖမ်းမိပြီးနေ့မှစပြီး ငါးရက်အကြာ မြို့နယ်တရားရုံးတွင် ပြန်လည်ထုတ်ပေးကြောင်း ဆိုင်ကယ်အဖမ်းခံရဖူးသည့် အမျိုးသားတစ်‌ဦးက ပြောပြသည်။

ယင်းကဲ့သို့ မော်တော်ဆိုင်ကယ်တို့အား နေ့တိုင်းနီးပါး ဖမ်းဆီးမှုရှိလာနေခြင်းသည် သက်ဆိုင်ရာဌာနတို့မှ ဘဏ္ဍာငွေ‌ရစေရန် ဖမ်းဆီး‌နေခြင်းဖြစ်နိုင်ကြောင်း မြို့ခံတချို့က ဆိုသည်။

မြိတ်တွင်ပြီးခဲ့သည့် ဩဂုတ်လအတွင်းက ယာဉ်ထိန်းရဲများက ဆိုင်ကယ်ဖမ်းဆီးခြင်း၊ စစ်ကောင်စီက အမျိုးသားနှစ်ဦး အတူစီးခြင်းတို့အား ဖမ်းဆီးခြင်း၊ မော်တော်ယာဉ် တားဆီးစစ်ဆေးခြင်း စသဖြင့် ခပ်စိပ်စိပ်ပြုလုပ်ခဲ့သေးကြောင်း မြို့ခံတချို့က ပြောပြသည်။