တက်ရိပ်ပြလာသည့် ရွှေနှင့်ထိုင်းဘတ် တစ်ပတ်အတွင်း သုံးသပ်ချက်

0
3198

လချီကြာငြိမ်နေသည့် ရွှေနှင့် ထိုင်းဘတ်ဈေးမှာ ယခုအပတ်တွင် တက်ရိပ်ပြလာသည်။

အခေါက်ရွှေဈေးမှာ ကျပ်သောင်းဂဏန်းအထိ တက်လာသကဲ့သို့ ထိုင်းဘတ်ဈေးမှာလည်း တဖြည်းဖြည်းတက်နေသည်။

ဆက်တိုက်မြင့်လာသည့် ရွှေဈေး

တစ်ကျပ်သားလျှင် နှစ်ဆယ့်ခြောက်သိန်းခွဲကျော်ဖြင့် ကာလကြာရှည်ငြိမ်နေသည့် အခေါက်ရွှေဈေးမှာ ယခုအပတ်တွင် နေ့စဉ်ဈေးတက်လာသည်။

ယခင်က တစ်ကျပ်သားလျှင် နှစ်ဆယ့်ခြောက်သိန်းခြောက်သောင်းကျပ် ဝန်းကျင်ဖြင့် တောက်လျောက်ငြိမ်နေရာမှ ဇန်နဝါရီလ ၂ ရက် (တနင်္လာနေ့) တွင် ကျပ်နှစ်သောင်းတက်လာသည်။

ထိုနောက် နေ့တိုင်းဈေးတက်လာပြီး ဇန်နဝါရီလ ၆ ရက်(သောကြာနေ့)တွင် တစ်ကျပ်သားလျှင် နှစ်ဆယ့်ခုနှစ်သိန်းသုံးသောင်းကျပ်အထိ ပေါက်ဈေးရှိနေသည်။

ရွှေဈေးမှာ အတက်ဈေးတွင်ပင် ဆက်ရှိနေမည်ဖြစ်ကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

“ဈေးကတော့ တဖြည်းဖြည်း ဆက်တက်လာမယ်ထင်တယ်”ဟု အထက်ပါ ရွှေဆိုင်ပိုင်ရှင်က ဆိုသည်။

လှုပ်လာသည့်ဘတ်ဈေး

ပြီးခဲ့သည့်အပတ်များက အီလည်လည်ဖြစ်နေသည့် ထိုင်းဘတ်ဈေးမှာ ယခုအပတ်တွင် ပြန်လှုပ်လာသည်။

တနင်္လာနေ့ပေါက်ဈေးအရ  ထိုင်းငွေတစ်ဘတ်လျှင် ၈၁ ကျပ်ဝန်းကျင်ရှိခဲ့ရာမှ နောက်ရက်များတွင် ၈၂ ကျပ်ကျော်လာခဲ့သည်။

ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ထိုင်းငွေ ၁၂၁၇ ဘတ် လဲလျှင် မြန်မာငွေကျပ် တစ်သိန်းရမည်ဖြစ်သည်။

နှစ်ထောင်စွန်းစွန်းတွင် ငြိမ်နေသည့် စက်သုံးဆီဈေး

တနင်္သာရီတိုင်း၏ စက်သုံးဆီဈေးမှာ တစ်လီတာလျှင် ကျပ်နှစ်ထောင်စွန်းစွန်းဖြင့် ငြိမ်နေခဲ့သည်။

92 ဓာတ်ဆီတစ်လီတာလျှင် ၂၀၀၀ ကျပ်မှ ၂၀၁၀ ကျပ်ကြားတွင် အတက်အကျဖြစ်နေခဲ့ခြင်းဖြစ်သည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့် နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံးကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ၂၃၅၀ ကျပ်မှ ကျပ် ၃၂၀၀ ကျော်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

တက်ရိပ်ပြနေသည့် ရွှေဈေးမှာ လာမည့်အပတ်တွင် ကြီးကြီးမားမားတက်နိုင်မည့် အနေအထား မရှိကြောင်း သုံးသပ်ရသည်။

လက်ရှိတွင် ကမ္ဘာ့ရွှေဈေးတက်နေသည့်အတွက် ပြည်တွင်းရွှေဈေးမှာလည်း အလိုက်သင့်တက်နေခြင်းသာ ဖြစ်သည်။

ကမ္ဘာ့ရွှေဈေးမှာ ဆက်တိုက်တက်နေပြီး ဇန်နဝါရီလ ၇ ရက်နေ့၏ပေါက်ဈေးမှာ တစ်အောင်စလျှင် ၁၈၆၆ ဒေါ်လာဈေးဖွင့်ထားသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ဒီဇင်ဘာလကုန်ပိုင်းကမူ တစ်အောင်စလျှင် ၁၇၉၉ ဒေါ်လာသာ ပေါက်ဈေးရှိခဲ့သည်။

ထိုသို့ ဈေးတက်နေသော်လည်း ပြည်တွင်းမတည်ငြိမ်မှုများနှင့် စီးပွားရေးကြပ်တည်းမှုများကြောင့် ပြည်တွင်းဝယ်လိုအားမှာ ပုံမှန်သာရှိသည့်အတွက် လာမည့်အပတ်တွင် ကျပ်သောင်းဂဏန်းအတက်အကျဖြင့် ဈေးဖွင့်နေမည်ဟု ခန့်မှန်းရပေသည်။

ထိုင်းဘတ်ဈေးမှာ ပိတ်ထားသည့်နယ်စပ်ဂိတ်အချို့ ပြန်ဖွင့်ချိန်တွင် အပြောင်းအလဲရှိလာနိုင်သော်လည်း ထိုင်း-မြန်မာ နယ်စပ်ဂိတ်များ ပြန်ဖွင့်မည့်အရေးမှာ မသေချာမရေရာသေးပေ။

ထိုကြောင့် လာမည့်အပတ်တွင်လည်း လက်ရှိနှုန်းထားအတိုင်းပင် အပြောင်းအလဲနည်းနည်းဖြင့် ဈေးဆက်ဖွင့်နေမည့် အနေအထားဖြစ်သည်။

ပြည်တွင်းစက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေး၊ အမေရိကန်ဒေါ်လာငွေလဲဈေးနှင့် နိုင်ငံရေးအခြေအနေအပေါ် မူတည်နေသည်။

လက်ရှိကမ္ဘာ့ရေနံပေါက်ဈေးမှာ ငြိမ်သလောက်ရှိနေပြီး ဒေါ်လာငွေလဲနှုန်းလည်း ၂၈၅၀ ကျပ်ဝန်းကျင်ဖြင့် ဈေးငြိမ်နေသည်။

ထိုကြောင့် ပြည်တွင်းစက်သုံးဆီဈေးမှာ လာမည့်အပတ်တွင် ဈေးအတက်အကျနည်းနည်းဖြင့် ဆက်ရှိနေမည့် အနေအထားဖြစ်သည်။