တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
3036

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဒီဇင်ဘာ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့အထိ

မြန်မာ့အရေးဆုံးဖြတ်ချက် ကုလလုံခြုံရေးကောင်စီ အတည်ပြုနိုင်ခဲ့ပြီ

မြန်မာ့အရေးဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ၇၄ နှစ်အတွင်း ပထမဆုံးအကြိမ် သဘောတူဆုံးဖြတ် အတည်ပြုနိုင်ခဲ့ပြီဖြစ်သည်။

ဗြိတန်အစိုးရက ဦးဆောင်ကာ တင်သွင်းထားသည့် မြန်မာ့အရေး ဆုံးဖြတ်ချက်အဆိုပြုမူကြမ်းကို ဒီဇင်ဘာလ ၂၁ ရက်တွင် မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်သူ မရှိ အတည်ပြုနိုင်ခဲ့သည်။ တရုတ်၊ ရုရှားနှင့် အိန္ဒိယတို့က ကြားနေခဲ့ပြီး ကျန်အဖွဲ့ဝင်နိုင်ငံများက ထောက်ခံမဲပေးခဲ့ကြခြင်း ဖြစ်သည်။

ဗီတိုအာဏာသုံးကန့်ကွက်လေ့ရှိသည့် လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် တရုတ်၊ ရုရှားနိုင်ငံတို့က ယခုတစ်ကြိမ်တွင် မကန့်ကွက်ခဲ့ခြင်းမှာ ထူးခြားသည်။

လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်တွင် မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကို ပြန်လွှတ်ပေးရန် တောင်းဆိုမှုများ ပါဝင်သည်။

အာဆီယံ သဘောတူညီချက်များကို အမြန်ဆုံးအကောင်အထည်ဖော်ရန်၊ မြန်မာပြည်သူများ၏မဲဆန္ဒကို လေးစား လိုက်နာရန်၊ လူ့အခွင့်အရေးနှင့် တာဝန်ခံမှု စံနှုန်းများကို လိုက်နာရန်၊ လူသားချင်းစာနာမှု အကူအညီများကို အကန့် အသတ်မရှိ ခွင့်ပြုပေးရန်နှင့် မတရားဖမ်းဆီးထိန်းသိမ်းထားသူများကို ပြန်လွှတ်ပေးရန်စသည့် အချက်များပါဝင်သည်။

စစ်ကောင်စီကို အရေးယူဆောင်ရွက်မှု ပြင်းပြင်းထန်ထန်လုပ်နိုင်ခြေရှိသည့် အချက်များလည်းပါဝင်ကြောင်း ဘီဘီစီသတင်းတွင် ဖော်ပြသည်။

ယင်းဆုံးဖြတ်သည် မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် ကုလသမဂ္ဂက လုံခြုံရေးကောင်စီက ပထမဆုံး အတည်ပြုနိုင်ခဲ့သည့် ဆုံးဖြတ်ဖြစ်သလို ၁၉၄၈ ခုနှစ်နောက်ပိုင်း ပထမဆုံး အတည်ပြုနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG က ယင်းဆုံးဖြတ်ချက်အတည်ပြုလိုက်ခြင်းကို ကြိုဆိုထောက်ခံခဲ့သည်။

………………………………..

မြန်မာ့အရေးအတွက် အရေးကြီးသည့် BURMA ACT အသက်ဝင်ပြီ

ဓာတ်ပုံ – AP

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အမျိုးသားကာကွယ်ရေးအခွင့်အာဏာ အက်ဥပဒေ (NDAA) ကို ဒီဇင်ဘာ ၂၃ ရက်နေ့က လက်မှတ်ရေးထိုး အတည်ပြုပေးလိုက်ပြီဖြစ်သဖြင့် မြန်မာ့အရေးအတွက် အကူအညီများစွာရရှိမည့် BURMA ACT အသက်ဝင်သွားပြီဖြစ်သည်။

Burma Unified through Rigorous Military Accountability (BURMA Act) ဟုခေါ်သည့် မြန်မာ့အရေးအတွက် အကူအညီများစွာ ရရှိမည့်အချက်များထည့်သွင်းထားသော  ယင်းဥပဒေအသစ်မှာ အမေရိကန်လွှတ်တော်နှစ်ရပ်လုံးက အတည်ပြုထားပြီး သမ္မတက လက်မှတ်ရေးထိုးရမည့် အဆင့်သာ ကျန်ရှိတော့ခြင်းဖြစ်သည်။

သမ္မတ ဂျိုးဘိုင်ဒင်က လက်မှတ်ရေးထိုးလိုက်သည့် အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်အက်ဥပဒေ (NDAA)မှာ နှစ်စဉ်ရေးဆွဲအတည်ပြုလေ့ရှိပြီး BURMA Act ကိုပြင်ဆင်ချက်သစ်အဖြစ် ယင်းဥပဒေတွင် ထည့်သွင်းထားခြင်းဖြစ်သည်။

BURMA Act အသက်ဝင်လာသည့်အတွက် အာဏာသိမ်းစစ်တပ်နှင့် အကူအညီပေးနေသည့် လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများအပေါ် အမေရိကန်အစိုးရအနေနှင့် ပိုမိုအရေးယူပိတ်ဆို့နိုင်မည်ဖြစ်သည်။

ယင်းအပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားလက်နက်ကိုင်များ(EAOs) ၊ အာဏာရှင် တော်လှန်နေသော အခြားအတိုက်အခံ အဖွဲ့အစည်းများနှင့် တော်လှန်ရေးအဖွဲ့များကို လက်နက်မဟုတ်သော အကူအညီများပေးရန်လည်း ပါရှိသည်။

BURMA ACT အသက်ဝင်လာခြင်းကြောင့် မြန်မာ့အရေးအတွက် အရေးကြီးသည့် အထောက်အပံ့များကို အမေရိကန်အစိုးရထံမှ ပိုမိုရရှိလာတော့မည်ဖြစ်ပြီး NUG အစိုးရ၏ သံတမန်ရေး အောင်မြင်မှု တစ်ရပ်လည်းဖြစ်ကြောင်း နိုင်ငံ‌ရေးလေ့လာသူများကဆိုသည်။

NDAA ဥပဒေ မူကြမ်းထဲတွင် Burma Unified through Rigorous Military Accountability (BURMA) Act of 2022 ကိုထည့်သွင်းလိုက်နိုင်ခြင်းက “ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်သူတွေအတွက် ကြီးမားတဲ့ အောင်ပွဲ” ဖြစ်ကြောင်း ယင်းမူကြမ်းကို ဦးဆောင်တင်သွင်းခဲ့သည့် လွှတ်တော်အမတ်လည်းဖြစ်၊ အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီဥက္ကဋ္ဌလည်း ဖြစ်သည့် ဂရေဂရီ မိခ် က ပြောကြားထားကြောင်း VOA သတင်းဌာနက ဖော်ပြထားသည်။

………………………………..

ပန်းပင်ကြီးလမ်းသပိတ် သတင်းထောက်နှစ်ဦးနှင့် လူငယ်ခုနစ်ဦး ထောင်သုံးနှစ်စီချခံရ

ရန်ကုန် ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းသပိတ်တွင် ဖမ်းဆီးခံခဲ့ရသည့် သတင်းထောင်နှစ်ဦး အပါအဝင် လူငယ်ကိုးဦးတို့ကို စစ်ကောင်စီတရားရုံးက ဒီဇင်ဘာလ ၂၁ ရက်တွင် ထောင်ဒဏ် သုံးနှစ်စီချမှတ်လိုက်သည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၅ရက်က ပန်းပင်ကြီးလမ်းသပိတ်ကို စစ်ကောင်စီတပ်က ကားဖြင့်တိုက်ကာ ဖြိုခွဲဖမ်းဆီး ရာတွင် လူငယ်ကိုးဦးနှင့် သတင်းယူနေသည့် Myanmar Press Photo Agency သတင်းထောက်များဖြစ်သော ကိုကောင်းဆက်လင်း၊ မမှူးရတနာခက်မို့မို့ထွန်းတို့ ဖမ်းဆီးခံခဲ့ရသည်။

ယင်း ၁၁ ဦးအနက် လူငယ် ကိုးဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် စစ်ကောင်စီ တရားရုံးက အလုပ်နှင့် ထောင်ဒဏ်ချမှတ်ခြင်းဖြစ်သည်။

သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) ဖြင့်လည်း စွဲဆိုထားသေးသည်။ ၎င်းမှာ သပိတ်ဖြိုခွဲချိန်တွင် ကားဖြင့်တိုက်ဖမ်းခံရသဖြင့် ခြောက်ထောက်ကျိုး ဒဏ်ရာများ ရရှိခဲ့သည်။

သတင်းထောက်များကို မကြခဏ ဖမ်းဆီးထောင်ချနေသည့် လုပ်ရပ်ကို နယ်စည်းမထားသတင်းထောက်များအဖွဲ့ (RSF) က ရှုတ်ချထားပြီး စစ်ခေါင်းဆောင်များကို နိုင်ငံတကာက ပြင်းပြင်းထန်ထန်အရေးယူရန် ဒီဇင်ဘာလ ၂၁ ရက်က တောင်းဆိုထားသည်။

………………………………..

ခရီးသည် ၂၇ဦး ဒဏ်ရာရသည့် ရန်ကုန် ကူးတို့သင်္ဘောပေါက်ကွဲမှု

ရန်ကုန်မြို့ ပန်းဆိုးတန်း-ဒလမြစ်ကူး ချယ်ရီ အမှတ် (၂) သင်္ဘောပေါ်တွင် ဒီဇင်ဘာလ ၁၈ ရက် ည ၆နာရီခွဲကျော်က ပေါက်ကွဲမှုဖြစ်ပြီး ခရီးသည် ၁၇ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

ပန်းဆိုးတန်းဆိပ်ကမ်းမှ ထွက်ခွာချိန် သင်္ဘော ပထမထပ် စက်ဘီးများထားသည့်နေရာတွင် ပေါက်ကွဲခြင်းဖြစ်သည်။

ဒဏ်ရာရသူများတွင် သက်ကြီးအချို့၊ အမျိုးသမီးနှစ်ဦးနှင့် လူငယ်များပါဝင်ပြီး ခြေထောက်၊ ရင်ဘတ်၊ မျက်နှာတို့တွင် ဒဏ်ရာရကာ ရန်ကုန်ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ခဲ့ရသည်။

စစ်ကောင်စီဘက်က PDF များ လက်ချက်ဟု စွပ်စွဲထားပြီး PDF များဘက်က ငြင်းဆိုထားသည်။

ခရီးသွားပြည်သူများ ထိခိုက်ခဲ့သည့် ယင်းဖြစ်စဉ်ကို ဖော်ထုတ်ကာ ကျူးလွန်သူများကို အရေးယူမည်ဖြစ်ကြောင်း NUG အစိုးရက ဒီဇင်ဘာလ ၂၀ ရက် ညပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းဖြစ်ရပ်မှာ NUG နှင့် ပတ်သက်မှု မရှိကြောင်းလည်း ထုတ်ပြန်ထားသည်။

ရန်ကုန်တွင် ကားမှတ်တိုင်၊ အင်းစိန်ထောင် ထောင်ဝင်စာပါဆယ်ပို့သည့်နေရာ အပါအဝင် လူသွားလူလာများသည့် နေရာအချို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သေးသည်။

အဆိုပါမြစ်ကူးသင်္ဘောကို ဒလ၊ တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူး စသည်မြို့နယ်များက ပြည်သူများ အလုပ်သွားအလုပ်ပြန်အတွက် အဓိက အသုံးပြုစီးနင်းသွားလာကြသည်။

………………………………..

ဟိုပုံးတွင် လက်နက်များ ဖမ်းဆီးခံရ

ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းကျေးရွာအုပ်စုအနီးတွင် PDF တပ်ဖွဲ့ဝင်များ သယ်ဆောင်လာသည့် သေနတ် အလက် ငါးရာခန့်နှင့် ကျည်အိမ်အပါအဝင် ဆက်စပ်ပစ္စည်းများကို ဖမ်းမိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ပင်လုံမြို့၊ ဆနင်းကျေးရွာဘက်မှ ရပ်စောက်မြို့နယ်၊ ပင်ဖြစ်ကျေးရွာဘက်သို့ ဒီဇင်ဘာ ၁၇ရက် နံနက်က မောင်းနှင် လာသည့် ခြောက်ဘီးကားကို သတင်းအရ စစ်ဆေးရန်တားဆီးချိန် ရပ်မပေးဘဲ ထွက်ပြေးသွားသည်ဟု ဆိုသည်။

လိုက်လံဖမ်းဆီးချိန်တွင် ကားပေါ်ပါသူများ ကားထားကာ ထွက်ပြေးသွားပြီး ကားပေါ်တွင် Type-81 အမျိုးအစားလက်နက် ၄၉၉ လက်၊ ကျည်အိမ် ၄၉၈ခုနှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းမိကြောင်း ထုတ်ပြန်ထားသည်။

………………………………..

ရိုးမဘဏ်ကနေ IFC ထွက်မည်

ကမ္ဘာ့ဘဏ်အုပ်စု၏ အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) သည် ရိုးမဘဏ်တွင် မြှုပ်နှံထားသည်များကို ရုပ်သိမ်းတော့မည်ဖြစ်ကြောင်း မြန်မာစစ်ကောင်စီ စောင့်ကြည့်လေ့လာနေသည့် Justice for Myanmar အဖွဲ့က ထုတ်ပြန်သည်။

ယင်းလုပ်ငန်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုမှတစ်ဆင့် အတည်ပြုထားခြင်းဖြစ်ကြောင်း ဖော်ပြသည်။

IFC သည် ရိုးမဘဏ်၏ ရှယ်ယာ ၄ဒသမ၅ ရာခိုင်နှုန် ပိုင်ဆိုင်ထားပြီး ယင်းရှယ်ယာများကို ဒေါ်လာ ငါးသန်းဖြင့် ရိုးမဘဏ်၏ မိခင်ကုမ္ပဏီဖြစ်သည့် First Myanmar Investment (FMI) ကို ရောင်းချခြင်းဖြစ်သည်ဟု ဆိုသည်။

ရှယ်ယာရောင်းချမှု သဘောတူစာချုပ်ကို FMI ၊ ရိုးမဘဏ်တို့နှင့် IFC က ဒီဇင်ဘာလ ၁၂ ရက်ကတည်းက လက်မှတ်ရေးထိုးခဲ့ကြောင်း ဖော်ပြသည်။

စစ်အုပ်စု၊ စစ်အုပ်စု၏စီးပွားရေးလုပ်ငန်းများနှင့် ဆက်နွယ်မှုများကို ဖြတ်တောက်ရန် မြန်မာပြည်သူလူထု၏ ဖိအားပေးမှုကြောင့် IFC က နုတ်ထွက်သွားခြင်းဖြစ်ကြောင်းလည်း Justice for Myanmar က ဆိုသည်။

ရိုးမဘဏ်သည် စစ်တပ်ပိုင် အင်းဝဘဏ်နှင့် ငွေကြေးလွှဲပို့မှု ၂၀၀ ကျော်ရှိကြောင်း ဖွင့်ချခံထားရသည်။

………………………………..

အမာခံသတင်းပေးခေါ်သည့် NUG

ပြည်သူ့အမာခံသတင်းပေးပို့သူ (ဖရဲသီး) ဖိတ်ခေါ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဒီဇင်ဘာလ ၂၀ ရက်တွင် ကြေညာသည်။

အကြောင်းအမျိုးမျိုးကြောင့် ပြည်သူ့ဘက်သို့ မကူးပြောင်းရသေးသည့် အရာရှိ-စစ်သည်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများကို ဖိတ်ခေါ်ခြင်းဖြစ်သည်။

သတင်းအချက်အလက်များကို လုံခြုံစွာပေးပို့နိုင်မည့်အပြင် သတင်းအချက်အလက် အဆင့်အတန်းအပေါ်မူတည်၍ ချီးမြှင့်ငွေများကို ပေးအပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယခင်ကလည်း လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ပူးပေါင်းလာလျှင် ကျပ်သိန်းတစ်သောင်း၊ တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ ထောက်ပို့လေယာဉ်၊ တိုက်ရေယာဉ်များကို ဖျက်ဆီးလျှင် သိန်းခြောက်ထောင် ချီးမြှင့်မည်စသဖြင့် ကမ်းလှမ်းဖူးသည်။

………………………………..