ကလိန်အောင်ရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦးနေအိမ် ပစ်ခတ်ခံရ

0
3886

ရေး – ထားဝယ် ကားလမ်းပေါ်ရှိ ကလိန်အောင်မြို့ အမှတ် (၂) ရပ်ကွက်ရှိ ရဲတပ်ဖွဲ့တစ်ဦး၏ နေအိမ် သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း မြို့ခံအချို့က ပြောသည်။

ဒီဇင်ဘာလ ၁ဝ ရက် ည ၇ နာရီခွဲဝန်းကျင်က ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုဟု ယူဆရသည့် အဖွဲ့ကလာရောက်ပစ်ခတ်ခြင်းဖြစ်ပြီး မည်သည့်အဖွဲ့ဆိုသည်ကိုမူ မသိရပေ။

“လာပစ်တဲ့အချိန် အိမ်မှာလူမရှိဘူး။ (နယ်ထိန်းက)ရဲစခန်းမှာရောက်နေတာ” ဟု မြို့ခံတစ်ဦးကဆိုသည်။

ရဲတပ်ဖွဲ့ဝင်နေအိမ်ကိုလာရောက်ပစ်ခတ်စဉ် အမှတ်၃ ရပ်ကွက်ရှိ ကလိန်အောင်နယ်မြေ ရဲစခန်းဘက်ကလည်း ပြန်လည်ခြောက်လှန့်ပစ်ခတ်ခဲ့ကြောင်း မြို့ခံတစ်ဦးကပြောသည်။

“ပစ်တာက သိပ်မကြာလိုက်ဘူး။ ခဏပဲ။ ဆယ်မိနစ်၊ ဆယ်ငါးမိနစ်လောက်ပဲ” ဟု မြို့ခံတစ်ဦးကဆိုသည်။

အောက်တိုဘာလ ၁၄ ရက်ကလည်း ကလိန်အောင်မြို့ တံတားတွင် ဖွင့်လှစ်ထားသည့် စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ကလိန်အောင်အခြေစိုက် Spring Dhamma PDF အဖွဲ့က လာရောက်ပစ်ခတ်ခဲ့ဖူးသည်။

ယင်းပစ်ခတ်မှုဖြစ်ပြီးနောက် ကလိန်အောင်မြို့တွင် အမျိုးသား၂ ဦး ဆိုင်ကယ်တစ်စီးတည်း စီးခွင့်မပြုဟု တံတားထိပ်တွင် သတိပေးစာကပ်ပြီး တားမြစ်ထား ကြောင်း ဒေသခံအချို့က ပြောပြပါသည် ။

ကလိန်အောင်မြို့သည် ထားဝယ်မြို့မှ ၄၆ မိုင်ခန့် အကွာတွင်ရှိပြီး ရေး – ထားဝယ်ကားလမ်း ပေါ်တွင်တည်ရှိသည်။