မြိတ်တွင် ကားနှင့် ဆိုင်ကယ်တိုက်၊ ၈နှစ်ကလေးအပါအဝင် ဆိုင်ကယ်စီးလာသူ သုံးဦးစလုံးသေဆုံး

0
4782

မြိတ် – ကျွဲကူးရွာ ကားလမ်းမကြီးပေါ်ရှိ ရတနာ့ဂုဏ်ရည်ရိပ်သာအနီးတွင် ဒီဇင်ဘာလ ၁ဝရက် ညတွင် ကားနှင့် ဆိုင်ကယ်တိုက်သဖြင့် ဆိုင်ကယ်ပေါ်ပါသူ သုံးဦးစလုံး သေဆုံးသွားကြောင်း နာရေးကူညီမှုအသင်းအချို့ထံမှ သိရသည်။

INSIGHT အမျိုးအစားကားနှင့် ဆိုင်ကယ်တစ်စီးတို့ တိုက်မိကာ ဆိုင်ကယ်စီးလာသည့် ဇနီးမောင်နှံမှာ အခင်းဖြစ် နေရာတွင် သေဆုံးပြီး အသက် ၈နှစ်အရွယ် မြေးဖြစ်သူမှာ ဆေးရုံတွင် သေဆုံးကြောင်း နာရေးကူညီမှုအသင်းတစ်သင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။

ကျွဲကူးဘက်မှ မြိတ်ဘက်သို့ မောင်းနှင်လာသည့် ကားမှာ ရတနာဂုဏ်ရည်ရိပ်သာအနီးအရောက်တွင် ရှေ့က ကားတစ်စီးအား ကျော်တက်ရာ မျက်နှာချင်းဆိုင် ယာဉ်ကြောအတိုင်းမောင်းနှင်လာသည့် ဆိုင်ကယ်အား ဝင်တိုက်မိခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းနောက်ကားမှာ လမ်းဘေး မြောင်းထဲကျသွားကြောင်း ဆိုသည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ အသက် ၄၉နှစ်အရွယ် အမျိုးသားနှင့် အသက် ၄၀နှစ်အရွယ်ရှိ ဇနီးဖြစ်သူတို့ ပြင်းထန်ဒဏ်ရာတို့ဖြင့် ပွဲချင်းပြီး သေဆုံးခဲ့ရကြောင်း အထက်ပါအသင်းဝင်က ပြောဆိုသည်။

မြေးတော်စပ်သည့် အသက် ၈ နှစ်အရွယ် ယောက်ျားကလေးတစ်ဦးမှာ ပြင်းထန်ဒဏ်ရာတို့ဖြင့် မြိတ်ပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့ရပြီး ဆေးရုံတွင် သေဆုံးသွားကြောင်း နာရေးကူညီမှုအသင်းအချို့ထံမှ သိရသည်။

“ကလေးလည်း ဆုံးသွားပြီ။ ဒီမနက် ၂ နာရီလောက်မှာ ဆုံးသွားတယ်” ဟု နာရေးကူညီမှုတစ်သင်းမှ တာဝန်ခံတစ်ဦးက ပြောသည်။

ကားမောင်းသူ အသက် ၂၉နှစ်အရွယ်ရှိ အမျိုးသားမှာမူ ဒဏ်ရာရရှိခြင်း မရှိကြောင်း ၎င်းက ဆိုသည်။

ယာဉ်တိုက်မှုဖြစ်ပွားရာနေရာသည် ကုန်းဆင်း (ကျွဲကူးမှမြိတ်) ဖြစ်ပြီး လမ်းအကွေ့နေရာဖြစ်သဖြင့် ယာဉ်တိုက်မှု၊ တိမ်းမှောက်မှု မကြာခဏ ဖြစ်ပွားတတ်ကြောင်း ယင်းအနီး နေထိုင်သူအချို့က ဆိုသည်။

“ကားက ကျောက်တင်ကားကို‌ ကျော်တက်တာ။ ကျောက်ကား အနောက်ဘက်ကို နည်းနည်းပွန်းမိပြီးမှ ရှေ့ကလာတဲ့ ဆိုင်ကယ်ကို ဝင်တိုက်တာ” ဟု အခင်းဖြစ်ရာအနီး နေသူထိုင်သူတစ်ဦးက ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ကားမောင်းဖြစ်သူ အမျိုးသားအား မြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ (လူသေစေမှု) ၃၀၄-က/ (အပြင်းအထန်နာကျင်စေမှု) ၃၃၈ ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။