ပုလောကုန်းတွင်တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်နေ

0
3866

ပုလောမြို့ပေါ်၊ ပုလောကုန်းကျေးရွာနှင့် လက္ကူးကျေးရွာတို့တွင် ယနေ့ (ဒီဇင်ဘာ ၈) မနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားနေပြီး အရပ်သားထိခိုက်မှုလည်းရှိနေကြောင်း ဒေသခံအချို့ကဆိုသည်။

ပုလောမြို့ မြောက်ဘက် ၆ မိုင်ခန့်အကွာ ပုလောကုန်းကျေးရွာဘက်တွင် ယနေ့ နံနက် ၆ နာရီဝန်းကျင်အချိန်ခန့်ကစပြီး တိုက်ပွဲပြင်းထန်နေကြောင်း၊ အပြန်အလှန် ပစ်ခတ်သံများလည်း ကြားနေရကြောင်း ဒေသခံအချို့ကပြောသည်။

နံနက် ၇ နာရီခန့်တွင်လည်း ပုလောမြို့ ရှိ စစ်ကောင်စီ၏ ၂၈၅ တပ်ရင်းကို မိုင်းခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး မြို့ပေါ်  အမှတ် ၂ ရက်ကွက်ရှိ ‌အထွေထွေအုပ်ချုပ်ရေးရုံးကိုလည်း ဆိုင်ကယ် ၄ စီးဖြင့် လူရှစ်ဦးက လာရောက်ပစ်ခတ်ပြီး ထွက်ပြေးသွားကြောင်း မြို့ခံတစ်ဦးကဆိုသည်။

“ပစ်တာက ခဏပဲကြာတယ်။ အချက် ၂၀ လောက်တော့ပစ်သံကြားရတယ်” ဟု ၎င်းကဆိုသည်။

ထွေအုပ်ရုံးကို ပစ်ခတ်သူများသည် လက္ကူးကျေးရွာဘက်သို့ ထွက်ပြေးသွားသည်ဟု ယူဆကာ လက္ကူးရွာဘက်သို့ အမှတ် ၂၈၅ တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

“သူတို့က ပုလောအနောက်ပေါက်(လက္ကူးရွာထွက်လမ်း)ကဝင်ပြီး မိုင်းဆွဲတာတွေ ပစ်ခတ်တာတွေ လုပ်သွားတယ်လို့ ကြားရတယ်”ဟု မြို့ခံနောက်တစ်ဦး ကပြောသည်။

လက်နက်ကြီးပစ်ခတ်ခံရသည့် လက္ကူးရွာမှ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးနှင့် ပဝတ်ကုန်းနှင့် ကဒဲတို့မှ ဒေသခံနှစ်ဦး၊ စုစုပေါင်း လေးဦးထိခိုက်ဒဏ်ရာရရှိသဖြင့် ပုလောဆေးရုံသို့ အရေးပေါ်ကားဖြင့်သယ်ဆောင်လာကြောင်း ဒေသခံတို့က ပြောဆိုသည်။

“လက်နက်ကြီးက အချက်ရေ တစ်ရာပြည့်တော့မလား မသိဘူး၊ပစ်နေတာ ဗျောင်းဗျောင်းညံပဲ”ဟု ပုလောဒေသခံက ဆိုသည်။

ပုလောမြို့ပေါ်တွင်မူ ဈေးဆိုင်များအားလုံးနီးပါး ပိတ်ထားကြပြီး စစ်ကောင်စီတပ်ကလည်း ကင်းလှည့်နေကြောင်းမြို့ခံအချို့ကပြောသည်။

ဒီဇင်ဘာလ ၇ ညနေ ၄ နာရီခန့်ကလည်း ပုလောမြန်မာ့စီးပွားရေးဘဏ်ခွဲ ပစ်ခတ်ခံရသေးသည်။