မောတောင်နယ်စပ်တွင် အိမ်ခြံမြေများ ပုံမှန်ပေါက်ဈေးထက် လျှော့ပြီးရောင်းချလာ

0
3418

မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်ဂိတ်တစ်ခုဖြစ်သည့် မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်(မြို့)နယ်စပ်တွင် အိမ်ခြံမြေတို့အား ပုံမှန်ပေါက်ဈေးထက်လျှော့ပြီး ရောင်းချမှုများရှိနေကြောင်း ယင်းနယ်စပ်နေသူတို့ထံမှ သိရသည်။

ယခင်က မောတောင်နယ်စပ် ပြည်ထောင်စုမိန်းလမ်းမပေါ်တွင် နေအိမ်ပါ မပါအပေါ်မူတည်ပြီး အလျား ၆၀ ပေ၊ အနံ ၄၀ ပေ၊ ရှိ မြေတစ်ကွက်လျှင် ဘတ်တစ်ဆယ်ငါးသိန်း ( မြန်မာကျပ်ငွေ သိန်းတစ်ထောင်နှစ်ရာခန့် ) တန်ဖိုးရှိ မြေကွက်အား ယခုဘတ်ခုနှစ်သိန်း၊ ဘတ်ရှစ်သိန်း စသဖြင့် ( မြန်မာကျပ်ငွေ သိန်းငါးရာခြောက်ဆယ်မှ သိန်းခြောက်ရာလေးဆယ်ခန့် ) စျေးလျှော့ရောင်းချမှုများ ရှိလာနေခြင်းဖြစ်ကြောင်း မော‌တောင်နယ်စပ် မြို့မရပ်ကွက်နေသူတချို့က ပြောပြသည်။

” ရှေ့ရက်ပိုင်းကပဲ မြေတစ်ကွက်ကို ခုနှစ်သိန်းနဲ့ ရောင်းလိုက်တာကြားမိတယ်၊ အရင်က ပုံမှန်ဆိုရင် ဘတ်တစ်ဆယ်ကျော်ဘဲ၊ တချို့ဆို ဘတ်သိန်းနှစ်ဆယ်အထိ ခေါ်တာမျိုးရှိတယ်၊ အခု ရောင်းထုတ်နေကြတာ အရင်ကထက် ဈေးတအားနည်းတာ၊ မောတောင်မှ စီးပွားရေးလုပ်စားတာ ခေတ်မကောင်းလို့ ရောင်းနေကြတာ” ဟု မြို့မရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် နှစ်လယ်ခန့်မှစပြီး ကိုဗစ်ကပ်ဘေးကြောင့် မောတောင်-စင်ခွန်းနယ်စပ်ဂိတ်အား ထိုင်းဘက်မှ ဂိတ်ပိတ်ခဲ့သည်။

အဆိုပါ နယ်စပ်ဂိတ်ပိတ်ခဲ့သဖြင့် ထိုင်းသို့ လည်ပတ်ခွင့်မရှိခြင်း၊ ရေထွက်ကုန်တို့အား အကန့်အသတ်ဖြင့်သာ တင်ပို့ခွင့်ရခြင်း၊ မောတောင်ဂိတ်တစ်ဖက်ရှိ ထိုင်းနိုင်ငံ စင်ခွန်းဈေးတွင် ဒေသထွက်ကုန်တို့အား သွားရောက်ရောင်းချခွင့်မရှိခြင်းနှင့် ထိုင်းသို့နေ့ချင်းပြန် လခစားအလုပ်သမားတို့ အလုပ်လုပ်ကိုင်ခွင့်မရှိခြင်း စသည့်အခက်အခဲတို့နှင့် ရင်ဆိုင်နေခဲ့ရဆဲဖြစ်ကြောင်း မော‌တောင်နေသူတို့ကဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်းက ထိုင်းတစ်ဘတ်လျှင် မြန်မာကျပ်ငွေ တစ်ရာကျပ်ကျော်အထိ စံချိန်တင်မြင့်တက်ခဲ့သည့် အချိန်မှစပြီး အိမ်ခြံမြေတို့အား ဈေးလျော့ကာ ရောင်းချနေကြခြင်းဖြစ်ကြောင်း မောတောင်တွင် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်ခဲ့ဖူးသည့် အမျိုးသားတစ်ဦးက ပြောပြသည်။

ထိုင်းဘတ်ငွေလဲဈေးသည် ဩဂုတ်လတွင် ၈၅ ကျပ်မှ ၁၀၀ ကျပ်ကျော်အထိ စံချိန်တင် မြင့်တက်ခဲ့ပြီးနောက် စက်တင်ဘာလ ပထမအပတ်တွင် ၈၆ ကျပ်နှင့် အောက်တိုဘာလတွင် ၆၅ ကျပ်အထိ ပြန်ကျခဲ့ရာ လက်ရှိအချိန်တွင် ၈၀ ကျပ်ဈေးပေါက်နေကြောင်း ယင်းငွေလဲနှုန်းဈေးကွက်မှ သိရသည်။

” မြေကွက်တန်ဖိုးကိုမမြှင့်ဘဲနဲ့ ငွေလဲတန်ဖိုးကို တွက်ပြီး ရောင်းကြတာပေါ့၊ ဝယ်တဲ့သူတွေက မော‌တောင်က ငွေကြေးတတ်နိုင်တဲ့သူတွေပဲ ဝယ်ကြတာများတယ်” ဟု မောတောင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ အိမ်ခြံမြေဈေးနှုန်းတို့မှာ မြေနေရာအပေါ်မူတည်ပြီး အရှည် ၆၀ ပေ၊ အကျယ် ၄၀ ပေနှင့် အရှည် ပေ ၅‌၀-၆၀၊ အကျယ် ပေ ၂၀ ရှိ နေအိမ်တစ်ဆောင်လျှင် အများဆုံး ဘတ်ရှစ်သိန်း( မြန်မာကျပ်ငွေ သိန်းခြောက်ရာလေးဆယ် ) မှ အနည်းဆုံး ဘတ် ၁ သိန်းကျော်ခန့်( မြန်မာကျပ်ငွေ သိန်းရှစ်ဆယ်ကျော် ) အထိ အရောင်းအဝယ်ပြုလုပ်‌နေကြကြောင်း မောတောင်နေသူတစ်ချို့မှ သိရသည်။

” ရောင်းတာဝယ်တာတွေကတော့ သူ့ဟာနဲ့သူတော့ ရှိနေကြတာပဲ” ဟု မောတောင်နယ်စပ် ရပ်/ကျေးအုပ်ချုပ်ရေးမှုးရုံးနှင့် နီးစပ်သူ အမျိုးသားတစ်‌ဦးက ပြောသည်။

မော‌တောင်နယ်စပ်တွင် ထိုင်းဘတ်ငွေသာ အသုံးပြုကြပြီး၊ အိမ်ခြံမြေတို့အား ရောင်းဝယ်ရာတွင် အများအားဖြင့် အသိမိတ်ဆွေတို့မှ တစ်ဆင့်နှင့် ရောင်းသူနှင့်ဝယ်သူတို့ တိုက်ရိုက်တွေ့ဆုံပြီး အရောင်းအဝယ်ပြုလုပ်လေ့ရှိကြသည်။