မွန်လူငယ်များနေ့ လွတ်လပ်စွာကျင်းပနိုင်ရန် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေတွင် ပြုလုပ်မည်

0
3632

မွန်လူငယ်များနေ့ အခမ်းအနားကို မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေတစ်ခုဖြစ်သော ရေးချောင်းဖျားဒေသ၊ ထားဝယ်ခရိုင် ဝယ်ဇင်းကျေးရွာတွင် ကျင်းပသွားမည်ဟု မွန်လူငယ်များနေ့ အခမ်းအနားကို ဦးဆောင်ကျင်းပသည့် မွန်လူငယ်ဆုံရပ် (MYF) ထံမှ သိရသည်။

လက်ရှိဖြစ်ပွားနေသည့် နိုင်ငံရေးအခြေအနေကြောင့် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျရောက်မည့် ၁၁ ကြိမ်မြောက် မွန်လူငယ်များနေ့ကို အခမ်းအနားဖြင့် လွတ်လပ်စွာ ကျင်းပနိုင်ရေးအတွက် မွန်ပြည်သစ်ထိန်းချုပ်နယ်မြေကို ရွေးချယ်ရန် စီစဥ်ခဲ့ခြင်းဖြစ်သည်။

ယခင်က မွန်လူငယ်များနေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပလာခဲ့သော်လည်း ၉ ကြိမ်နှင့် ၁၀ ကြိမ်မြောက်တုန်းက ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံရေးအခြေအနေကြောင့် အကျဥ်းချုံးသာ ကျင်းပလာခဲ့ရသည်။

“အရင်ကလုပ်ခဲ့တဲ့ပုံစံနဲ့တော့ ကွာခြားမယ်၊ ကွင်းပြင်မှာပဲလုပ်မယ် ဒါပေမဲ့ နိုင်ငံရေးအခြေအနေ ကောင်းခဲ့တဲ့အချိန်ကလို အင်တိုက်အားတိုက်နဲ့တော့ မဟုတ်ဘူး” ဟု မွန်လူငယ်များနေ့အခမ်းအနားကို ဦးဆောင်ကျင်းပသည့် မွန်လူငယ်ဆုံရပ် (MYF) တာဝန်ရှိသူတစ်ဦးက ပြောသည်။

မွန်လူငယ်များနေ့ကို အနယ်နယ်အရပ်ရပ်ရောက် မွန်လူငယ်များ တစ်ဦးနှင့် တစ်ဦး ခင်မင်ရင်းနှီးလာစေရေး၊ မွန်လူငယ်များအကြား သွေးစည်းညီညွတ်မှုအင်အားကို မြှင့်တင်ရန်နှင့် မျိုးချစ်စိတ်ဓါတ် ရှင်သန်းနိုးကြားလာစေရန်အတွက် ရည်ရွယ်ပြီး နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

ယခင်က အခမ်းအနားများတွင် မွန်ပြည်နယ်အတွင်းက မွန်လူငယ်များသာမက ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ ကရင်၊ တနင်္သာရီ အစရှိသည့် မွန်ဒေသက မွန်လူငယ်များ ပြည်ပရောက်မွန်လူငယ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များစသဖြင့် လူအင်အား သောင်းနှင့်ချီ တက်ရောက်လေ့ရှိသည်။

ယင်းအပြင် အခမ်းအနားတွင် ပြခန်းများ၊ ပြိုင်ပွဲအစီအစဥ်များ၊ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ကျင်းပခဲ့ကြသည်။

မော်လမြိုင်မြို့၌ ၁၉၄၆ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပခဲ့သည့် မွန်လူငယ်များ အစည်းအဝေးနေ့ကို အစွဲပြုပြီး “မွန်လူငယ်များနေ့” အဖြစ်သတ်မှတ်ရန် ၂၀၁၂ ခုနှစ် ဧပြီလကကျင်းပခဲ့သည့် တတိယအကြိမ်မြောက် မွန်လူငယ်များ နှီးနှောဖလှယ်ပွဲတွင် ဆုံးဖြတ်ခဲ့သည်။