ဘန်ကောက်တွင် ဆိုင်ကယ်မှောက်သူကို ကူညီပေးသည့် မြန်မာလုပ်သား ပစ်သတ်ခံရ

0
3623

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဆိုင်ကယ်မှောက်နေသော ထိုင်းနိုင်ငံသားတစ်ဦးကို သွားရောက်ကူညီသည့် မြန်မာအလုပ်သမားတစ်ဦး သေနတ်ဖြင့် အပစ်ခံရပြီးနောက် သေဆုံးသွားခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

နိုဝင်ဘာလ ၄ ရက် ည ၁၁ နာရီအချိန်ခန့်တွင် ဘန်ကောက်မြို့ တလင်းချန်းဒေသတွင် ဘန်လမတ်ရပ်ကွက်တွင် မြန်မာအလုပ်သမားတစ်ဦး သေနတ်ပစ်ခံခဲ့ရကြောင်း သတင်းရရှိခဲ့သဖြင့် တလင်ချန်းရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များမှ သွားရောက်စစ်ဆေးခဲ့သည်။

အပစ်ခံရသူမှာ အသက် ၂၉ နှစ်အရွယ် မောင်ထွန်းထွန်းနိုင် အမည်ရှိသူဖြစ်ပြီး ချိုင်းအောက်နှင့် နံကြားတွင် သေနတ်ဒဏ်ရာရရှိထားသည်ကို တွေ့ရှိခဲ့ရသဖြင့် ကယ်ဆယ်ရေးအဖွဲ့မှ အသက်ကယ်ရန်ကြိုးစားသော်လည်း သေဆုံးသွားခဲ့ကြောင်း ဖော်ပြထားသည်။

မျက်မြင်သက်သေများ၏ ပြောကြားချက်အရ ထိုင်းနိုင်ငံသားတစ်ဦးသည် အရက်မူးနေပုံပေါ်ကာ ဆိုင်ကယ်ဖြင့် တံတားပေါ်သို့တက်လာပြီး အဆင်းတွင် ဆိုင်ကယ်မှောက်လဲသွားခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

သေဆုံးသူအပါအဝင် သူငယ်ချင်းဖြစ်သူနှစ်ဦးက ဆိုင်ကယ်နှင့် လူကိုပြန်ထူပေးရန် သွားကူညီစဉ်တွင် ဘာကြောင့် လာနှောင့်ယှက်ရတာလဲဟုပြောပြီး သေနတ်ဖြင့် ပစ်ခတ်ပြီးနောက် ဆိုင်ကယ်မောင်းနှင်ကာ ထွက်ပြေးသွားခဲ့ကြောင်း မျက်မြင်သက်သေများက ပြောဆိုသည်။

နောက်တစ်နေ့ ဒီဇင်ဘာ ၅ ရက်နေ့မနက်ပိုင်းတွင် သေနတ်ပစ်ခတ်ခဲ့သူ အသက် ၃၉ နှစ်အရွယ် ထိုင်းနိုင်ငံသားသည် ထိုင်းလုပ်သေနတ်၊ မော်တော်ဆိုင်ကယ်နှင့်အတူ ရဲစခန်းတွင် လာရောက်အဖမ်းခံခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အခင်းဖြစ်သောညက ၎င်းသည် သူငယ်ချင်းများနှင့်အတူ အရက်သောက်ပြီးပြန်လာစဉ်တွင် တံတားအဆင်းတွင် ဆိုင်ကယ်မှောက်သွားခဲ့ကြောင်း၊ ယင်းအချိန်တွင် လူ ၅ ယောက်ခန့် ဘီယာပုလင်းကိုင်ပြီး အနီးသို့လာစဉ် ရန်ပြုမည့် အခြေအနေတွေ့ရှိခဲ့ရသဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့ကြောင်း ရေးသားထားသည်။

မြန်မာအလုပ်သမား၏ဇနီးဖြစ်သူက သူမယောက်ျားသည် ယခင်က ရန်ဖြစ်ခဲ့ဖူးခြင်းမရှိဘဲ ပစ်ခတ်သူနှင့်လည်း သိကျွမ်းခဲ့ခြင်းမရှိကြောင်း ထိုင်းသတင်းဌာနများကို ပြောကြားထားခဲ့သည်။

သေနတ်ဖြင့် ပစ်သတ်ခဲ့သော ထိုင်းနိုင်ငံသားကို လူသတ်မှု၊ တရားမဝင်လက်နက်ကိုင်ဆောင်မှုဖြင့် ကနဦး အရေးယူထားပြီး တလင်းချန်းတရားရုံးတွင် စစ်ဆေးထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဖမ်းဆီးခံရသူသည် ယခုနှစ်အစောပိုင်းတွင် လုယက်မှုဖြင့် ထောင်ကျခဲ့ရာမှ ပြန်လွတ်လာသူဖြစ်ပြီး ယခင်ကလည်း ရန်ဖြစ်မှုများ ကျူးလွန်ခဲ့ဖူးကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။