အီရန်အသင်း ကမ္ဘာ့ဖလားကထွက်ရလို့ အောင်ပွဲခံသည့် အီရန်နိုင်ငံသားကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေကပစ်သတ်

0
3734
ပုံစာ - အီရန်လုံခြုံရေးတပ်ဖွဲ့က သေနတ်နဲ့ပစ်လိုက်လို့ ဦးခေါင်းထိမှန် ကွယ်လွန်သွားခဲ့ရသူ မာရန် ဆာမတ်ခ်

အီရန်အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲက ထွက်လိုက်ရတာကို ကားဟွန်းတီးပြီး အောင်ပွဲခံခဲ့တဲ့ အီရန်နိုင်ငံသားဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ သေနတ်နဲ့ပစ်တာကို ခံလိုက်ရပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။

အီရန်ဟာ အုပ်စုအဖွင့်ပွဲ အင်္ဂလန်ကို ခြောက်ဂိုး နှစ်ဂိုးနဲ့ ဂိုးပြတ်ရှုံးခဲ့ရကာ အရှက်တကွဲဖြစ်ခဲ့ရပြီး အုပ်စုဒုတိယပွဲစဉ်အရောက်မှာတော့ ဝေလကို နှစ်ဂိုး ဂိုးမရှိနဲ့အနိုင်ယူကာ မျှော်လင့်ချက် ပြန်လည်ရှင်သန်လာခဲ့ပါတယ်။

ဒါပေမဲ့ အဆုံးအဖြတ်အဖြစ် နိုဝင်ဘာလ ၃၀ ရက်က ကစားရတဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ အမေရိကန်ကို တစ်ဂိုး ဂိုးမရှိနဲ့အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်လိုက်ရတာပါ။

အီရန်အစိုးရရဲ့ဖိနှိပ်မှုတွေကို ဆန့်ကျင်နေတဲ့ အီရန်ပြည်သူလူထုဟာ အင်္ဂလန်နဲ့ပွဲတုန်းက နိုင်ငံတော်သီချင်း မသီဆိုဘဲ ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ပြခဲ့စဉ်က အီရန်ဘောလုံးအသင်းကို အားပေးထောက်ခံခဲ့ကြပါတယ်။

ဝေလနဲ့ပွဲစဉ် အရောက်မှာ အီရန်နိုင်ငံတော်သီချင်းကို ကစားသမားတွေက ပြန်လည်သီဆိုလိုက်ကြတဲ့အတွက် အီရန်ဘောလုံးအသင်းဟာ အစိုးရဘက်သားတွေဖြစ်သွားပြီလို့ သတ်မှတ်ကာ အီရန်ပြည်သူလူထုက ဆန့်ကျင်ခဲ့ကြတာလို့ သိရပါတယ်။

ကာတာနိုင်ငံဆီကို သွားရောက်ပြီး အီရန်အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲဝင်တာကို သဘောမကျတဲ့ အီရန်နိုင်ငံသား အများအပြားရှိပြီး အီရန်နိုင်ငံကို ကိုယ်စားပြုကာ အဲ့ဒီလို သွားကစားပေးတာက အီရန်အစိုးဘက်မှာ ရပ်တည်ပေးတာနဲ့ အတူတူပဲလို့ သတ်မှတ်ထားသူတွေလည်း ရှိပါတယ်။

ဒါကြောင့်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့်ကနေ အီရန်အသင်း ထွက်လိုက်ရချိန်မှာ တက်ကြွလှုပ်ရှား ဆန္ဒပြ တိုက်ပွဲဝင်နေတဲ့ အီရန်ပြည်သူလူထုက ဝမ်းပန်းတသာနဲ့ အော်ဟစ်ခုန်ပေါက် ကခုန်အောင်ပွဲခံခဲ့ကြပါတယ်။

အီရန်အသင်းရဲ့ကျရှုံးမှုကိုကြည့်ကာ ကားဟွန်းတီး အောင်ပွဲခံခဲ့သူ မာရန် ဆာမတ်ခ်ကို လုံခြုံရေးတပ်ဖွဲ့က သေနတ်နဲ့ ပစ်သတ်လိုက်တာလို့ တက်ကြွလှုပ်ရှားသူတွေက အတည်ပြုပြောဆိုသွားခဲ့ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ မာရန် ဆာမတ်ခ်ရဲ့ ဦးခေါင်းကို သေနတ်နဲ့ ပစ်ခတ်လိုက်တာဖြစ်ပြီး ကျည်ထိမှန်အပြီးမှာ မာရန် ဆာမတ်ခ်က နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

အီရန်ပြည်သူလူထုဟာ အီရန်နိုင်ငံတော်သီချင်းကို အီရန်ဘောလုံးသမားတွေ သီဆိုနေတာ မြင်လိုက်ရအပြီးမှာ ဘောလုံးသမားတွေက အဖိနှိပ်ခံ ပြည်သူလူထုကို သစ္စာဖောက်သွားပြီလို့ သတ်မှတ်လိုက်ကြပါတယ်။

သတင်းရင်းမြစ်တချို့ကတော့ အီရန်အစိုးရဟာ အင်္ဂလန်တုန်းကလို နိုင်ငံတော်သီချင်း မသီဆိုတာမျိုး ဆက်လုပ် နေခဲ့ရင်၊ ဆန္ဒပြတာတွေကို အားပေးအားမြှောက်ပြုတဲ့စကားတွေ ထပ်ပြောနေရင် အီရန်ဘောလုံးသမားတွေရဲ့ မိသားစုဝင်တွေကို ဖမ်းဆီးထိန်းသိမ်းရလိမ့်မယ်လို့ အီရန်ဘောလုံးသမားတွေဆီ အကြောင်းကြားစာပေးပို့ပြီး ဖိအားတွေ ပေးလိုက်တဲ့အတွက် အီရန်ကစားသမားတွေဟာ မလွန်နိုင်အောင်ဖြစ်သွားရတာလို့ ရေးသားဖော်ပြခဲ့ကြပါတယ်။