ဆန္ဒပြပွဲများ အနှံ့အပြားဖြစ်ပြီးနောက် ကိုဗစ်တင်းကျပ်မှုများကို တရုတ်မြို့ကြီးနှစ်မြို့တွင် စတင်ဖြေလျော့

0
3240

တရုတ်တွင် ကမ္ဘာ့အတင်းကျပ်ဆုံး ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေး ကန့်သက်ချက်များကို ဆန့်ကျင်ဆန္ဒပြနေ ကြရာ ဂွမ်ကျိုးပြည်နယ်တောင်ပိုင်းတွင် ဆန္ဒပြသူများနှင့် ရဲများ ထိပ်တိုက်အဓိကရုဏ်းဖြစ်ခဲ့ကြပြီးနောက် ဂွမ်ကျိုးနှင့် ချုံကင်းမြို့များတွင် တင်းကျပ်မှုများကို ဖြေလျော့လိုက်ကြောင်း CNA သတင်းတစ်ရပ်က ဖော်ပြထားသည်။

ဒီဇင်ဘာလ ၁ ရက်က စတင်ဖြေလျှော့ခြင်းဖြစ်သည်ဟု သတင်းတွင် ဖော်ပြသည်။

ရှန်ဟိုင်း၊ ဘေဂျင်း စသည့် မြို့တော်ကြီးများအထိ ကူးစက်ခဲ့သော ဆန္ဒပြပွဲများသည် သမ္မတရှီကျင့်ဖျင်၏ ဩဇာအာဏာကို လူမြင်ကွင်းတွင် အံ့တုသည့် ပုံရိပ်များ ဖြစ်လာခဲ့သည်။

တရုတ် အနောက်တောင်ပိုင်း ချုံကင်းမြို့တွင် ကိုဗစ် ၁၉ လူနာများနှင့် ထိတွေ့ခဲ့သူများကို နေအိမ်များတွင်သာ သီးခြားခွဲခြားနေခြင်းကို ခွင့်ပြုမည်ဟု မြို့တော်အာဏာပိုင်များက ပြောကြားခဲ့သည်။

ဟောင်ကောင်အနီးအနား ဂွမ်ကျိုးမြို့တွင် အလားတူ တင်းကျပ်မှုများကို ဖြေလျော့ပေးသည်ဟု ကြေညာ ထားကာ တိုင်းပြည်အနှံ့ ကူးစက်မှုများရှိဆဲဖြစ်ပြီး ဇီးရိုးကိုဗစ် မူဝါဒကို ဖယ်ရှားဖွယ်တော့ မရှိပေ။

သမ္မတရှီက ဇီးရိုးကိုဗစ်မူဝါဒသည် အသက်များစွာကယ်တင်ခဲ့ကာ ၎င်း၏ နိုင်ငံရေးအရ အောင်မြင်မှုတစ်ရပ် အဖြစ်လည်း ညွှန်းဆိုသုံးနှုန်းထားသည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က တရုတ်သမ္မတဟောင်း ကျန်ဇီမင်း ကွယ်လွန်သွားခဲ့ခြင်းက သုံးနှစ်တာ ကပ်ရောဂါဘေး ကြောင့် စီးပွားရေးတုံ့ဆိုင်းနေမှုများအတွက် ဆန္ဒပြစေရန် စေ့ဆော်မှုတစ်ရပ် ထပ်ဖြစ်ခဲ့သည်။

ကျန်ဇီမင်းသည် ၁၉၈၉ တီယန်မင် အရေးအခင်းအပြီးနောက် စီးပွားရေး တိုးတက်ထွန်းကားလာမှုများကို ဦးဆောင်ခဲ့သည့် တရုတ်ခေါင်းဆောင်ဖြစ်သည်။