တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
3406

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

နိုဝင်ဘာလ ၂၀ ရက်မှ ၂၆ ရက်အထိ

လူသတ်မြေမြှုပ်မိုင်း အသုံးပြုမှုများလာ

မြန်မာနိုင်ငံတွင် လူသေစေသည့် မြေမြှုပ်မိုင်း Anti-personnel landmine အသုံးပြုမှုများလာကြောင်း မြေမြှုပ်မိုင်းအသုံးပြုမှုတားဆီးရေး နိုင်ငံတကာလှုပ်ရှားမှုအဖွဲ့ (ICBL) ၏ အစီရင်ခံစာတွင် ဖော်ပြသည်။

မြန်မာနိုင်ငံတွင် ဆယ်စုနှစ်နှင့်ချီပြီး အသုံးပြုလာသည့် အဆိုပါမြေမြှုပ်မိုင်းများသည် အာဏာသိမ်းပြီးနောက်ပိုင်း အသုံးပြုမှု ပိုများလာသည်ဟု ဆိုသည်။

နှစ်ဆယ်ချီ အသုံးပြုထားခဲ့သည့် မြေမြှုပ်မိုင်းများကြောင့် ကချင်၊ ကယား၊ ကရင်၊ ရှမ်း၊ မွန်၊ ရခိုင်၊ တနင်္သာရီတိုင်း တို့တွင် ပေါက်ကွဲသေကြေနိုင်သည့်အန္တရာယ်ရှိနေဆဲဖြစ်ကြောင်း ဖော်ပြသည်။

လူသေစေသည့် မြေမြှုပ်မိုင်းများကို ကမ္ဘာတွင် မြန်မာနှင့် ရုရှားနိုင်ငံတို့တွင်သာ အသုံးပြုကြတော့ကြောင်းလည်း အစီရင်ခံစာက ဖော်ပြသည်။

အဆိုပါ လူသတ်မိုင်းများကို စစ်ကောင်စီတပ်အပြင် အခြားလက်နက်ကိုင်အဖွဲ့များကပါ အသုံးပြုနေကြသည်ဟုလည်း အစီရင်ခံစာက ဆိုသည်။

………………………………..

တိုက်ပွဲအကြိမ်ရေ ရှစ်ထောင်နားကပ်လာ

အာဏာသိမ်းဖြစ်စဉ်နောက်ပိုင်းမှ ယခုနှစ် နိုဝင်ဘာလ ၁၅ရက်အထိ တိုက်ပွဲပေါင်း ၇၈၅၅ကြိမ်ထက်မနည်း ရှိလာပြီဖြစ်ကြောင်း သုတေသနအဖွဲ့တစ်ခုဖြစ်သည့် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) က နိုဝင်ဘာလ ၂၃ရက်က ထုတ်ပြန်သည်။

ယင်းအနက် စစ်ကောင်စီတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ် (EAOs) တို့အကြား အကြိမ်ရေ ၄၅၀၀ ကျော်ရှိပြီး ဒေသကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်ကြားဖြစ်ပွားမှုမှာ ၂၂၆၇ ကြိမ်ထက်မနည်းရှိကြောင်း ဖော်ပြသည်။

EAOs များ? ပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ကြားဖြစ်ပွားမှုမှာ ၉၂၅ ကြိမ်ထက်မနည်း ရှိသည်ဟု ဖော်ပြသည်။

တိုက်ပွားများအနက် ကရင်ပြည်နယ်တွင် အကြိမ်ရေ ၃၃၀၀ ကျော်ဖြင့် အများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်းမှာ ၉၁၉ ကြိမ်ထက် မနည်းဖြင့် ဒုတိယအများဆုံးဖြစ်သည်။

တရုတ်စီမံကိန်းအနီးဝန်းကျင်နှင့် အနီးတဝိုက် ဆက်စပ်နေရာများတွင် ယခုနှစ်အတွင်း တိုက်ပွဲဖြစ်ပွားမှုမှာ နှစ်ဆနီးပါးတိုးလာကြောင်း ဖော်ပြသည်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းများ အကောင်အထည်ဖော်ရန် စီစဉ်ထားသည့် တိုင်းနှင့် ပြည်နယ် ရှစ်ခုက မြို့နယ် ၄၃ ခုတွင် တိုက်ပွဲ ၃၀၁ ကြိမ်ထက်မနည်းရှိပြီး ၂၀၂၁ခုနှစ်တွင် အကြိမ်ရေ ၁၀၀ ထက်မနည်း၊ ယခုနှစ် ၁ဝလတာအတွင်း ၂၀၀ ထက်မနည်း ရှိလာခြင်းဖြစ်ကြောင်း ISP က ဆိုသည်။

………………………………..

ကာကွယ်ရေးဝန်ကြီးအစည်းအဝေးလည်း တက်ခွင့်မရတော့

အာဆီယံကာကွယ်ရေးဝန်ကြီးအစည်းအဝေးကို မြန်မာစစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်ခွင့် မရတော့ကြောင်း ကမ္ဘောဒီးယားသတင်းအချို့တွင် ဖော်ပြသည်။

အာဆီယံအစည်းအဝေးများသို့ စစ်ကောင်စီဥက္ကဋ္ဌနှင့် နိုင်ငံခြားရေးဝန်ကြီးတို့ကို တက်ရောက်ခွင့် ပိတ်ပင်ထား သော်လည်း ကျန်ဝန်ကြီးများ အစည်းအဝေးကိုမူ ယခင်က တက်ရောက်ခွင့်ပြုထားသည်။

သို့သောြ ယခုသီတငြးပတအြတှငြး ကမျဘောဒီးယားနိုငငြံတှငြ ကငွပြးခဲ့သညြ အမရေိကနြ၊ တရုတြ၊ ဂပွနြ အပါအဝငြ ဆှေးနှေးဖကြ ရှဈနိုငငြံနှင့ြ အာဆီယံကာကှယရြေးဝနကြှီးမွား အစညြးအဝေး ADMM-Plus တှငြ စဈကောငစြီ ကာကှယရြေးဝနကြှီးကို တကရြောကခြှင့မြပှုခဲ့ပေ။

အာဆီယံ ထိပ်သီးအစည်းအဝေး၌ မြန်မာကိုယ်စားပြုသူ တက်ရောက်ရေးကိစ္စ ဆွေးနွေးဆုံးဖြတ်အပြီးတွင် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးသို့ပါ တက်ခွင့်မပြုတော့ခြင်းလည်း ဖြစ်သည်။

………………………………..

နျူးကလီးယားစက်ရုံဆောက်ရေး လေ့လာရန် ရုရှားနှင့် မြန်မာစာချုပ်ချုပ်

မြန်မာနိုင်ငံတွင် နျူးကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် ဖြစ်နိုင်ခြေအလားအလာအား လေ့လာတိုင်းတာခြင်းများ လုပ်ဆောင်ရန် စစ်ကောင်စီနှင် ရုရှားနိုင်ငံပိုင် Rosatom ကုမ္ပဏီတို့အကြား နိုဝင်ဘာလ ၂၂ ရက်က သဘောတူစာချုပ် ချုပ်ဆိုလိုက်သည်။

ရုရှားနိုင်ငံတွင် ကျင်းပသည် (၁၂) ကြိမ်မြောက် နျူးကလီးယားနည်ပညာဆိုင်ရာဖိုရမ်တွင် စစ်ကောင်စီ၏ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် ကုမ္ပတို့အကြား သဘောတူ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ယခုနှစ် နှစ်လယ်ပိုင်းက ရုရှားနိုင်ငံခရီးစဉ်တွင် နျူးကလီးယား စက်ရုံတည်ဆောက်ရေးအတွက် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ယင်းနောက် လျှပ်စစ်စွမ်းအားဝန်ကြီးနှင့် သိပ္ပံ၊ နည်းပညာဝန်ကြီးတို့ ရုရှားနိုင်ငံသို့ သုံးကြိမ်မက သွားရောက်ကာ သွားရောက်လေ့လာခဲ့သည်။

မြန်မာနိုင်ငံတွင် တည်ဆောက်မည့် နျူးကလီးယားစက်ရုံမှာ အသေးစားဓာတ်အားပေးစက်ရုံဖြစ်သည်ဟု ဆိုသည်။

………………………………..

အိမ်များ အဖျက်ခံနေရသည့် ရန်ကုန်နှင့် မန္တလေး

ရန်ကုန်တိုင်းက မင်္ဂလာဒုံ၊ မရမ်းကုန်းနှင့် လှိုင်သာယာမြို့နယ်တို့တွင် နေအိမ်များ ဖျက်သိမ်းခံနေရသည်။

မရမ်းကုန်းမြို့နယ် (၃) ရပ်ကွက်က နေအိမ် ၁၅၀ ကျော်မှာ ကျူးကျော် ဆောက်ထားသည်ဟုဆိုကာ အဖျက်ခံလိုက် ရသည်။ နေအိမ်များကို ဖယ်ရှားပေးရေး စစ်ကောင်စီတပ်ဖွဲ့ဝင်များက အိမ်ရှင်များကို နိုဝင်ဘာလ ၁၆ ရက်က အတင်းအကျပ် လက်မှတ်ထိုးခိုင်းသည်ဟု သတင်းအချို့တွင် ဖော်ပြသည်။

ယင်းနောက် နိုဝင်ဘာလ ၁၉ ရက်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ စည်ပင်၊ အိုးအိမ်ဌာနနှင့် အရပ်ဝတ်များက အချုပ်ကားများ၊ ဘိုဒူဇာများဖြင့် လာရောက်ကာ ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြသည်။ ပစ္စည်းများရွှေ့ရန် အချိန်နာရီဝက် ပေးသည်ဟု ဆိုသည်။

 (၁) ရပ်ကွက်က နေအိမ် ၁၅၀ ကိုလည်း အလားတူ ဖယ်ရှားပေးရန် အမိန့်ထုတ်ထားသည်ဟု ဆိုသည်။

မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်ကျေးရွာအုပ်စုရှိ ရပ်ကွက်ငါးခုက နေအိမ်များမှာလည်း စစ်တပ်ပိုင်မြေတွင် ဆောက်ထား သည်ဟုဆိုကာ နိုဝင်ဘာလ ၂၆ ရက် နောက်ဆုံးထား ဖယ်ရှားပေးရန် နိုဝင်ဘာလ ၂၄ ရက်က သတိပေးထားသည်။

အိမ်ခြေ လေးထောင်ဝန်းကျင်ရှိပြီး လူသောင်းနှင့်ချီ နေထိုင်နေကြခြင်းဖြစ်သည်။ ယင်းရပ်ကွက်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိနေသည်ဟုဆိုသည်။ ယင်းသို့ အဓမ္မဖယ်ရှားခိုင်းနေသဖြင့် အဆုံးစီရင်သူပင် ရှိကြောင်း သတင်းများတွင် ဖော်ပြသည်။

အောက်တိုဘာလကုန်ပိုင်းကလည်း လှိုင်သာယာမြို့နယ် ဘုရင့်နောင် တံတားအနီးက နေအိမ်များကို ကျူးကျော် ဆောက်ထားသည်ဟုဆိုကာ အင်အားသုံး ဖျက်သိမ်းခဲ့သေးသည်။

မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ် နေအိမ် ၁၂၀၀ ကျော်ကို ကျူးကျော်ဟုဆိုကာ နိုဝင်ဘာလ ၂၄ ရက် အင်အားသုံး ဖျက်သိမ်းခဲ့ပြီး နိုဝင်ဘာလ ၁၀ ရက်ကလည်း အောင်မြေသာစံမြို့နယ်ရှိ မီရထားဌာနပိုင်မြေတွင် ကျူးကျော် ဆောက်ထားသည်ဟုဆိုကာ နေအိမ် ၂၅၀ ကျော်ကို အင်အားသုံးဖျက်ဆီးခဲ့သည်ဟု သတင်းများတွင် ဖော်ပြသည်။

………………………………..

ရခိုင်တွင် ကုလ အကူအညီပေးခွင့် ပိတ်ပင်ခံရသည့် မြို့နယ်နှစ်ခုထပ်တိုး

ရခိုင်ပြည်နယ် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ လူသားချင်းစာနာသည့်အကူအညီ ပေးခွင့်မရသည့် မြို့နယ် နှစ်ခုထပ်တိုးလာသဖြင့် စုစုပေါင်း ရှစ်မြို့နယ် ရှိလာပြီဖြစ်သည်။

ရခိုင်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး ပြည်သူများ အခက်အခဲဒုက္ခများစွာကြုံနေရချိန် ဝင်ရောက် အကူအညီပေးခွင့် ကန့်သတ်ခံရသည့် မြို့နယ်တိုးလာခြင်းဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က နိုဝင်ဘာလ ၂၃ ရက်က ထုတ်ပြန်သည်။

စက်တင်ဘာလ ၁၅ရက်ကစပြီး ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်များကို ဝင်ရောက်အကူအညီပေးခွင့် ပိတ်ပင်ခဲ့သည်။ ယခု ပေါက်တောမြို့နယ် ပိတ်ခံရပြီး ကျောက်တော်တွင်လည်း မြို့ပေါ်သာ ဝင်ရောက်ခွင့်ရတော့သည်ဟု ဆိုသည်။

တိုက်ပွဲများကြောင့် လုံခြုံရေးတင်းကျပ်မှုများ၊ သွားလာဝင်ရောက်ခွင့် ကန့်သတ်ချက်များနှင့် အကူအညီပေးရေး လုပ်သားများအပေါ် ခြိမ်းခြောက်မှုများမှာ မြန်မာနိုင်ငံတစ်ဝှမ်းက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းတွေကို ဆက်လက်အဟန့်အတားပြုလုပ်နေခြင်းဖြစ်ကြောင်း UNOCHA က ဆိုသည်။

ဘူးသီးတောင်၊ ကျောက်ဖြူ၊ ကျောက်တော်၊ မင်းပြားနှင့် တောင်ကုတ်အပါအဝင် မြို့နယ်အများအပြားတွင် ရှာဖွေဖမ်းဆီးမှုများ တိုးမြှင့်လုပ်ဆောင်နေကြောင်းလည်း ထုတ်ပြန် ထားသည်။

အရပ်သားသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှုကန့်သတ်ချက်များ ဆက်လက်ရှိနေပြီး အစားအသောက်၊ ဆေးဝါး အပါအဝင် အဓိကကုန်ပစ္စည်းများ ရှားပါးမှုနှင့် ဈေးနှုန်းမြှင့်တက်မှုတို့ကြောင့် စိုးရိမ်ကြောင့်ကြမှုများ ပိုမိုမြှင့်တက်နေကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

………………………………..

မြန်မာ ၁၂သန်းကျော် မှတ်ပုံတင် မရှိ

မြန်မာနိုင်ငံတွင် မှတ်ပုံတင်ကိုင်ထားသူ ၂၉ သန်းကျော်ရှိပြီး မှတ်ပုံတင်မရှိသူ ၁၂ သန်းကျော်ရှိနေကြောင်း စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

ယင်းစာရင်းတွင် အသက် ၁၈နှစ် မပြည့်သေးသူများကိုပါ ထည့်သွင်းတွက်ချက်ထားခြင်းဖြစ်သည်ဟုဆိုသည်။

လဝက ဝန်ကြီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့က မြေပြင်တိုက်ဆိုင်စစ်ဆေးချက်အရ အောက်တိုဘာလ အထိစာရင်းဖြစ်ကြောင်း လဝကဝန်ကြီးဌာန စာရင်းအရသိရသည်။

ယင်းစာရင်းကို နိုဝင်ဘာလ ၂၂ ရက်က နေပြည်တော်တွင်ကျင်းပသည့် မဲစာရင်းမှန်ကန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တင်ပြခဲ့ခြင်းဖြစ်သည်။

………………………………..

သတင်းထောက် မသူဇာ ထောင်၂နှစ်ချခံရ၊ သတင်းစာဆရာ စည်သူအောင်မြင့် ထောင်ဒဏ်ထပ်တိုး

အလွတ်သတင်းထောက် အလှလေးသူဇာ (ခေါ်) မသူဇာကို ဖမ်းဆီးခံရပြီး တစ်နှစ်ကျော်အကြာ နိုဝင်ဘာလ ၂၂ ရက်တွင် အင်းစိန်ထောင်တွင်း တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂နှစ် ချမှတ်လိုက်သည်။

မသူဇာသည် ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် ဖမ်းဆီးခံရကာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆို ခံခဲ့ရခြင်းဖြစ်သည်။ ၎င်းသည် ပြည်တွင်း၊ ပြည်ပ သတင်းဌာနအချို့တွင် ၁၄ နှစ် နီးပါးလုပ်ကိုင်ခဲ့သူဖြစ်သည်။

ယင်းအပြင် သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကိုလည်း ပုဒ်မ ၅၀၅ (က) ဖြင့် စွဲဆိုထားသည့်အမှုကို အင်းစိန် ထောင်တွင်း တရားရုံးက နိုဝင်ဘာလ ၂၄ ရက်တွင် ထောင်ဒဏ် ၂နှစ် ထပ်မံ ချမှတ်လိုက်သည်။ ၎င်းမှာ အောက်တို ဘာလ ၇ရက်ကလည်း ထောင်ဒဏ် သုံးနှစ်ချခံထားရသဖြင့် စုစုပေါင်းထောင်ဒဏ် ငါးနှစ်အထိ ရှိလာသည်။

ဦးစည်သူအောင်မြင့်မှာ သတင်းသုံးသပ်ချက်များရေးသားလေ့ရှိပြီး မြန်မာသတင်းမီဒီယာလောကတွင် လူသိများသူ ဖြစ်သည်။

………………………………..

ဆိုင်ကယ် မစီးရသည့် မြို့နှစ်မြို့

ရန်ကုန်နှင့် မကွေးတိုင်းက မြို့နယ်နှစ်ခုတွင် ဆိုင်ကယ်စီးနင်းခွင့် ကန့်သတ်ပိတ်ပင်ခံရမှုများရှိလာသည်။

မကွေးတိုင်း ပခုက္ကူမြို့နယ်တွင် နိုဝင်ဘာလ ၂၄ ရက်မှစတင်ကာ ည ၆နာရီမှ နောက်တစ်ရက် နံနက် ၈နာရီအထိ ဆိုင်ကယ် လုံးဝ မစီးရကြောင်း မြို့နယ်ထွေအုပ်က အမိန့်ထုတ်ထားသည်။ နံနက် ၈နာရီမှ ညနေ ၆နာရီအတွင်း ဆိုလျှင် ဆိုင်ကယ်တစ်စီး မောင်းသူတစ်ဦးသာ စီးရမည်ဟုလည်း ကန့်သတ်ထားပြန်သည်။

နိုဝင်ဘာလ ၂၆ ရက်တွင် အမျိုးသမီးနှစ်ဦးအတူစီးသဖြင့် ပစ်ခတ်ဖမ်းဆီးမှုရှိပြီး ဖမ်းဆီးခံရသူ ဆယ်နှင့်ချီရှိနေသည်ဟု ဘီဘီသတင်းတစ်ရပ်တွင် ဖော်ပြသည်။

ဆိုင်ကယ်စီးပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်း၊ လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ လုယက်ခြင်း၊ ပြန်ပေးဆွဲခြင်း စသည်တို့ကို လုပ်ဆောင်နေသဖြင့် ကန့်ကတ်ပိတ်ပင်ခြင်းဖြစ်သည်ဟု ဆိုသည်။ ယင်းအမိန့်ကို အချိန်ကာလ ရက် ၆၀ သတ်မှတ်ထားသည်။

ရန်ကုန်တိုင်း ခရမ်းမြို့နယ် တစ်မြို့နယ်လုံးတွင်လည်း နိုဝင်ဘာလ ၂၆ ရက်မှ စတင်ကာ ဆိုင်ကယ်စီးခွင့် ပိတ်လိုက်သည်ဟု မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က လိုက်လံကြေညာထားကြောင်း RFA သတင်းတစ်ပုဒ်တွင် ဖော်ပြသည်။ နိုဝင်ဘာလ ၁၇ ရက်တွင် မြို့ပေါ်ကိုသာ ပိတ်ပင်ထာရာမှ ၂၆ ရက်တွင် တစ်မြို့နယ်လုံးကို ထပ်မံပိတ်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ဆိုင်ကယ်များ မစီးရတော့သဖြင့် ခရီးသွားပြည်သူများ များစွာအခက်ကြုံရပြီဖြစ်သည်။

………………………………..

ကျောင်းသားစာရင်းပေါက်မှုကြောင့် ကြားကာလပညာရေး IBEST ကျောင်း အရေးပေါ်ပိတ်

ကျောင်းသားစာရင်း ပေါက်ကြားမှုကြောင့် ကြားကာလပညာသင်ကျောင်း တစ်ခုဖြစ်သည့် Interim Basic Education School – Thingangyun (IBEST) ကို အရေးပေါ်ပိတ်သိမ်းလိုက်ကြောင်း ယင်းကျောင်းက နိုဝင်ဘာလ ၂၃ ရက်က ထုတ်ပြန်သည်။

NUG အစိုးရ လက်အောက်တွင် ရှိသည့် ယင်းကျောင်းက ကျောင်းသားများ၏ အချက်အလက်များကို စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တစ်ခုက ဆက်တိုက်ဖော်ပြလာပြီးနောက် အရေးပေါ်ပိတ်လိုက်ခြင်းဖြစ်သည်။

ထို့ကြောင့် အရေးပေါ်လုံခြုံရေးအစီအစဉ်များကို အဆင့်မြှင့်တင်ခဲ့သလို ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများကိုလည်း လုံခြုံရေးဆိုင်ရာ သတိပေးချက် အချိန်နှင့်တပြေးညီ ထုတ်ပြန်ပြီး အန္တရာယ်ကင်းရေး လုပ်ဆောင်နေသည်ဟု ဆိုသည်။

ယခုနှစ် ဇွန်လက အတန်းလိုက်သက်ဆိုင်ရာ ကျောင်းသားကုဒ်နံပါတ်များ မပေးမီအချိန်က Batch-1 G10 section B Group ၏ ကျောင်းသားစာရင်းများ ပေါက်ကြားခဲ့ခြင်းဖြစ်ကြောင်း ကျောင်းဘက်က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇူလိုင်လကလည်း Kaung For You Education အွန်လိုင်းပညာသင်ကျောင်း တည်ထောင်သူ ဆရာကောင်းသိုက်စိုးနှင့် ဆရာ၊ ဆရာမအချို့ ဖမ်းဆီးခံရပြီးနောက် ကျောင်းပိတ်လိုက်ရသေးသည်။

………………………………..