စံချိန်မှတ်တမ်းတွေ ရယူပြီး အုပ်စုအဆင့်ကနေပဲ ကာတာ လှည့်ပြန်ပြီ

0
3181

အိမ်ရှင်ကာတာအသင်းဟာ စံချိန်မှတ်တမ်းတွေ တပွေ့တပိုက်ရယူပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကို အုပ်စုအဆင့်ကနေ နှုတ်ဆက်လှည့်ပြန်သွားခဲ့ပြီပဲဖြစ်ပါတယ်။

အုပ်စုအဖွင့်ပွဲစဉ်မှာတုန်းက အီကွေဒေါကို ခြေစွမ်းချင်း မယှဉ်နိုင်ခဲ့တဲ့ ကာတာဟာ အုပ်စုဒုတိယပွဲစဉ်မှာလည်း ဆီနီဂေါကို ယှဉ်မကစားနိုင်ဘဲ အရေးနိမ့်သွားခဲ့ရပါတယ်။

အီကွေဒေါနဲ့ပွဲစဉ်တုန်းက ကမ္ဘာ့ဖလား ၉၂ နှစ်သက်တမ်းအတွင်း အုပ်စုအဖွင့်ပွဲစဉ်မှာ အိမ်ရှင်အသင်းတွေ တစ်ခါမှ မရှုံးခဲ့ဖူးဘူးဆိုတဲ့ စံချိန်မှတ်တမ်းကို အရှုံးရလဒ်ရယူပြီး မှတ်တမ်းဆိုးရေးသားခဲ့တဲ့ ကာတာဟာ ဆီနီဂေါကို သုံးဂိုး တစ်ဂိုးနဲ့ ရှုံးနိမ့်တဲ့ပွဲမှာလည်း နောက်ထပ် မှတ်တမ်းဆိုးတွေကို ဆက်လက်ရရှိသွားခဲ့ပါတယ်။

ကာတာဟာ အုပ်စုအဖွင့်ပွဲစဉ် နှစ်ပွဲဆက်တိုက် ရှုံးနိမ့်သွားတဲ့ ပထမဆုံး အိမ်ရှင်အသင်းဆိုတဲ့ မှတ်တမ်းဆိုး ရသွားခဲ့သလို အုပ်စုအဆင့်ကနေ လှည့်ပြန်ရတဲ့ ဒုတိယမြောက်အိမ်ရှင်အသင်းအဖြစ်လည်း စာရင်းဝင်သွားခဲ့ပါတယ်။

ကာတာ မတိုင်ခင်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို အုပ်စုအဆင့်နဲ့တင် ကျေနပ်လိုက်ရတဲ့ ပထမဆုံးအိမ်ရှင်နိုင်ငံအသင်းကတော့ ၂၀၁၀ ပြည့်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရခဲ့တဲ့ တောင်အာဖရိကနိုင်ငံပဲဖြစ်ပါတယ်။