လောင်းလုံး ညောပြင်ရွာသား ၂၀ ခန့် ဖမ်းဆီးခံရ

0
3767

လောင်းလုံးမြို့နယ် ညောပြင်ရွာသို့ ယနေ့ နံနက်ပိုင်းက စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် ညောပြင်ရွာသား ၂၀ ဦးခန့်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၅ ‌နာရီခန့်တွင် VIGO ကားသုံးစီးဖြင့် စစ်ကောင်စီစစ်ကြောင်းက သေနတ်ပစ်ဖောက် ဝင်ရောက်လာကြောင်း ဒေသခံများက ပြောသည်။

ယင်းနောက် ဒေသခံရွာသား အမျိုးသား၊ အမျိုးသမီး ၂၀ ခန့်ကို ညောပြင်ရွာ သင်္ချိုင်းကုန်းတွင် ဖမ်းဆီးကာ နေအိမ်အချို့ကို ဖျက်ဆီးခံရသည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

“သေနတ်အချက် သုံးဆယ်လောက်ရှိမယ် ပစ်ပြီးဝင်လာတာ။ အခုလောလောဆယ်တော့ ရွာသားတွေကို သင်္ချိုင်းကုန်းမှာ ဖမ်းထားတယ်” ဟု ၎င်းက ပြောသည်။

ဖမ်းဆီးခံထားရသူများမှာ ယနေ့ ညနေ ၄နာရီအထိ ပြန်မလွတ်လာသေးကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

အထက်ပါရွာသားများကို မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးထားသည်ကို မသိရသေးကြောင်း ဒေသခံတို့က ပြောသည်။

ဒေသခံ နှစ်ရာကျော်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အစားသောက်နှင့် သောက်သုံးရေ အခက်အခဲဖြစ်နေကြောင်း အဆိုပါဒေသခံများထံမှ သိရသည်။