မြိတ်တွင် ရော်ဘာဈေး ဆက်တိုက်ကျ

0
2555

မြိတ်မြို့ရှိ ရော်ဘာဈေးကွက်တွင် ဈေးနှုန်းများ ဆက်တိုက်ကျဆင်းနေကြောင်း ရော်ဘာခြံလုပ်ငန်းလုပ်ကိုင်နေသူတို့မှ သိရသည်။

ရော်ဘာ ဈေးစဖွင့်သည့် စက်တင်ဘာလအတွင်းက ရော်ဘာမှိုင်းခံ တစ်ပိဿာလျှင် ၅၅၀၀ ကျပ်‌ကျော် ရရှိခဲ့ရာမှ အောက်တိုဘာလတွင် ၅၀၀၀ ကျပ်သို့ ဈေးကျဆင်းလာခဲ့ကြောင်း ရော်ဘာခြံလုပ်ကိုင်နေသူအချို့က ပြောသည်။

နိုဝင်ဘာလအစမှစပြီး ၄၅၀၀ ကျပ်သို့ ကျဆင်းလာပြီးနောက် တဖြေးဖြေးကျဆင်းလာရာ လက်ရှိတွင် ၄၂၀၀ ကျပ်သာ ဈေးရှိတော့ကြောင်း ဒေါရွာရှိ ရော်ဘာခြံရှင်တစ်ဦးက ဆိုသည်။

“လေးထောင်ကျော်ဖြစ်‌နေတာ တစ်ပတ်ကျော်လောက်ရှိနေပြီ။ ရော်ဘာဈေးက သူတို့ (အဝယ်ဒိုင်များ) ပဲ ဈေးကစားနေကြတာ” ဟု ၎င်းက ပြောသည်။

ထို့အပြင် ဂေါ်လီချေး၊ ခွက်ကပ် (အခြောက်) တစ်ပိဿာလျှင် ၂၅၀၀ ကျပ်ကျော်မှ ၂၀၀၀ ကျပ်ဝန်းကျင်ခန့်သာ ဈေးရတော့ကြောင်း ရော်ဘာခြံလုပ်ငန်း လုပ်ကိုင်နေသူအချို့က ပြောဆိုသည်။

“နှစ်ထောင်ဆို လုပ်လို့ အဆင်ပြေသေးတယ်။ နှစ်ထောင်အောက်ဘက်ဆို ကုန်ဈေးနှုန်းတွေ မတက်ခင်က ဈေးအတိုင်းဖြစ်သွားမယ်။ မကိုက်တော့ဘူး” ဟု ရွှေဒူးရွာရှိ ရော်ဘာခြံလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

ရော်ဘာအရောင်းအဝယ် လုပ်ကိုင်နေသူတစ်ဦးကမူ အဆိုပါဒေသထွက် ရော်ဘာတို့အား ခြံလုပ်ငန်းရှင်များ နစ်နာမှုမရှိစေရန် သင့်တင့်သည့်ဈေးနှုန်းသတ်မှတ်ပြီး ဝယ်ယူပေးနေကြောင်း ပြောဆိုသည်။

“ဈေးကစားတာမျိုး မဟုတ်ဘူး။ ငွေလဲ (ထိုင်းဘတ်နှင့် မြန်မာကျပ်ငွေလဲနှုန်း) ဈေးနှုန်းနဲ့ ချိန်ပြီး ဝယ်ရလို့ ဈေးအတက်အကျတော့ ရှိနေမှာပဲ” ဟု ၎င်းက ပြောသည်။

မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာတို့ရှိ ရော်ဘာခြံတို့တွင် ရော်ဘာခွက်လုံး၊ ခွက်ခဲ၊ ခွက်ကပ်တို့ကို အများဆုံး ပြုလုပ် ရောင်းချလေ့ရှိပြီး ခြံလုပ်ငန်းရှင်ကြီးအချို့မှာ ရော်ဘာမှိုင်းခံ၊ နေလှန်းပြားတို့အား ပြုလုပ်ရောင်းချလေ့ ရှိကြကြောင်း ရော်ဘာခြံလုပ်ကိုင်နေသူတို့မှ သိရသည်။

မြိတ်ဒေသထွက် ရော်ဘာတို့အား ထိုင်းနှင့် တရုတ်နိုင်ငံများသို့ တင်ပို့ရောင်းချလေ့ရှိကြကြောင်း သိရသည်။