စစ်ကောင်စီလေယာဉ် စက်ချို့ယွင်းပြီး ထားဝယ်က လယ်ကွင်းအတွင်းထိုးဆင်း

0
2993

မြိတ်မြို့မှ မှော်ဘီလေတပ်စစ်ခန်းသို့ အုပ်စုဖွဲ့ ပျံသန်းလာသော လေယာဉ်တစ်စီး ယနေ့ နံနက်ပိုင်းတွင် စက်ချို့ယွင်းကာ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ရှိ လယ်ကွင်းတစ်ခု အတွင်း ထိုးဆင်းသွားခဲ့သည်။

စုစုပေါင်း လေယာဉ် ၇ စီးဖြင့် သုံးအုပ်စုခွဲ ပျံသန်းလာသော လေယာဉ်အုပ်စုတွင် တစ်စီးမှာ စက်သေသွားခဲ့ပြီး သရက်ချောင်းမြို့နယ် ကျွဲစပ်ရွာအနီး လယ်ကွင်းအတွင်း အရေးပေါ် ထိုးဆင်းသွားခဲ့ခြင်း ဖြစ်သည်။

လေယာဉ်ပေါ်တွင် လေယာဉ်မှူးနှင့် နောက်လိုက်တစ်ဦး ပါရှိသည်။

“နှစ်ယောက်စလုံး ဘာမှ မဖြစ်ဘူး၊ လေယာဉ် တောင်ပံ ပဲ့သွားတာလောက်ပဲ လို့ပြောတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

လေယာဉ်ထိုးဆင်းချိန်တွင် တစ်အုပ်စုတည်း ပျံသန်းလာသော အခြားလေယာဉ် နှစ်စီးက ဝေဟင်မှ ဝဲပျံစောင့်ကြည့်နေကြောင်း ဒေသခံများထံမှ သိရသည်။

လေယာဉ်မှာ PT6 အမျိုးအစား ပန်ကာတပ် လေယာဉ်ဖြစ်ပြီး မြန်မာ စစ်ကောင်စီ လေတပ်က အမောင်းသင်ရာတွင် အများဆုံး အသုံးပြုသည်။

ထိုသို့သော လေယာဉ်အမျိုးအစားများကို မြိတ်ကဲ့သို့သော နယ်ဝေး လေတပ်စခန်းများတွင် ထားရှိလေ့ရှိပြီး လိုအပ်ချက်အပေါ် မူတည်၍ မှော်ဘီလေတပ်သို့ မောင်းနှင်ပျံသန်းလေ့ရှိသည်။

လေယာဉ်ကို ၁၉၆၀ ခုနှစ်တွင် စတင်ထုတ်လုပ်အသုံးပြုခဲ့ပြီး မြန်မာ စစ်တပ်တွင် တိုက်ခိုက်ရေး ယာဉ်အဖြစ် အသုံးပြုခဲ့ဖူးသည်။

ယင်းနောက် ယခုအခါ အမောင်းသင်လေယာဉ် အဖြစ် အသုံးချလျက်ရှိသည်။

နိုင်ငံအချို့တွင် PT 6 အမျိုးအစားလေယာဉ်ကို အသုံးပြုဆဲ ဖြစ်သော်လည်း အချို့နိုင်ငံများတွင် ပြတိုက်အတွင်း ပို့လိုက်ပြီဖြစ်သည်။

လေယာဉ်စက်ချို့ယွင်းပြီး ပျက်ကျသည်ကို ဒေသခံရွာသားများ ပစ်ချ၍ ပျက်ကျခြင်းဖြစ်ကြောင်း စစ်ကောင်စီဘက်က ဒေသခံများကို စွပ်စွဲပြောဆိုမှုများရှိနေသဖြင့် ရွာသားများက ဖြေရှင်းနေရသည်ဟု ကျွဲစပ်ရွာမှ ဒေသခံ တစ်ဦးက ပြောကြားသည်။

လက်ရှိ ကျွဲစပ်ရွာတွင် စစ်ကောင်စီတပ်များ အင်အားအများအပြားရောက်ရှိနေပြီး ထားဝယ်ဘက်ကို တက်ရန်သွားရောက်သည့် ကားများပြန်လှည့်လာသည်လည်း ရှိသည်ဟု ဒေသခံအချို့က ပြောသည်။

ကျွဲစပ်ရွာမှာ ထားဝယ်-သရက်ချောင်း-မြိတ် ကားလမ်းပေါ်တွင် တည်ရှိသည်။