တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
3483

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

နိုဝင်ဘာ ၁၂ ရက်နေ့မှ ၁၉ ရက်နေ့အထိ

လွှတ်တော်ထဲ ဒီမိုကရက်တစ်ခေါင်းဆောင်တာဝန်မှ နန်စီပေလိုစီ နုတ်ထွက်မယ်

အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲအပြီး လွှတ်တော်ရဲ့ ဒီမိုကရက်တစ်ခေါင်းဆောင်တာဝန်ကနေ နုတ်ထွက်တော့မယ်လို့ အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီက နိုဝင်ဘာ ၁၇ ရက်မှာ ပြောပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီဝင်တွေက လွှတ်တော်အတွင်း လူများစုနေရာကို အနိုင်ရခဲ့ပါတယ်။

ပေလိုစီဟာ အောက်လွှတ်တော်မှာ ဆန်ဖရန်စစ္စကို ကိုယ်စားပြုပြီး ဆက်ရှိနေမယ်လို့ ပြောခဲ့ပါတယ်။

ရီပတ်ဘလီကန်တွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်က လွှတ်တော်ရွေးကောက်ပွဲတွေအပြီးမှာ အောက်လွှတ်တော်ကို ထိန်းချုပ်နိုင်မယ်လို့ ခန့်မှန်းထားကြတာပါ။

ဒီမိုကရက်ပါတီဝင်တွေကတော့ အထက်လွှတ်တော်ကို ဆက်လက်ထိန်းချုပ်ထားပါတယ်။

Ref: BBC

………………………………..

တရုတ်-ကနေဒါ ဆက်ဆံရေး ဆွေးနွေးခဲ့သမျှကို မီဒီယာကို ချပြခဲ့လို့ တရုတ်ကပြစ်တင်

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူဒိုတို့ရဲ့ G 20 အစည်းအဝေးပြင်ပ တွေ့ဆုံမှုမှာ ဆွေးနွေးခဲ့တဲ့ အသေးစိတ် အချက်အလက်တွေကို ကနေဒါ အရာရှိတွေက မီဒီယာကို ပြောကြားခဲ့လို့ တရုတ်သမ္မတက ပြစ်တင်ဝေဖန်လိုက်ပါတယ်။

ဆွေးနွေးခဲ့တာတွေ မီဒီယာဆီမှာ ပေါက်ကြားခဲ့တယ်လေ၊ ဒါမျိုးလုပ်တာကတော့ မသင့်တော်ပါဘူး။ ပြီးတော့ ဒါဟာ ဆွေးနွေးမှုတွေ စတင်သင့်တဲ့ ပုံစံမဟုတ်ပါဘူးလို့တရုတ်သမ္မတက ဘာသာပြန်ကနေတစ်ဆင့် ကနေဒါဝန်ကြီးချုပ်ကို ပြောခဲ့ပါတယ်။

ကျွန်တော်တို့ ကနေဒါမှာတော့ လွတ်လပ်ပွင့်လင်းတဲ့ ဆွေးနွေးမှုမျိုးကိုသာ ယုံကြည်ကြလို့ ဒီအတိုင်းပဲ ဆက်လက်ကျင့်သုံးသွားမှာပါ။ အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်လက် လုပ်ဆောင်သွားမယ်။ ဒါပေမယ့် သဘောထားမတိုက်ဆိုင်တဲ့ ကိစ္စတွေတော့ ဆက်ရှိနေအုံးမှာပါလို့ ထရူဒိုက ရှီအား ပြန်ပြောခဲ့ပါတယ်။

Ref: The Guardian

………………………………..

အမေရိကန်ကို ကျော်ပြီး တရုတ်ကုမ္ပဏီတွေ ကမ္ဘာ့ဖလားရဲ့ အကြီးဆုံး စပွန်ဆာဖြစ်လာ

တရုတ်နိုင်ငံအနေနဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲကိုမအောင်မြင်လို့ ပြိုင်ပွဲနဲ့ လွဲချော်ခဲ့ရပေမဲ့ နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေမှာတော့ ကမ္ဘာ့ဖလားမှာ အရင်းစိုက်ထုတ်မှုအများဆုံး စပွန်ဆာတွေ ဖြစ်လာခဲ့ပါတယ်။

တရုတ်စပွန်ဆာတွေဟာ နိုဝင်ဘာလ ၂၀ ရက်နေ့ကနေ ဒီဇင်ဘာ ၁၈ ရက်နေ့အထိ ကျင်းပမယ့် ကမ္ဘာ့ဖလားအတွက် ကန်ဒေါ်လာ ၁ ဒသမ ၃၉၅ ဘီလီယံကို သုံးစွဲခဲ့တာပါ။

ဒါဟာ ၁ ဒသမ ၁ ဘီလီယံသာ သုံးစွဲခဲ့တဲ့ အမေရိကန်ကုမ္ပဏီတွေကို ကျော်လွန်သွားခဲ့တယ်လို့ လန်ဒန် အခြေစိုက် အချက်အလက် စီစစ်ရေး ကုမ္ပဏီဖြစ်တဲ့ ဂလိုဘယ်ဒေတာကနေ ဖော်ပြထားပါတယ်။

ကမ္ဘာ့ဖလားမှာ ပါဝင်တဲ့ တရုတ်စပွန်ဆာတွေကတော့ ဝန်ဒါအုပ်စု၊ ဗီဗို၊ မန်နီရောင် နို့ထွက်ပစ္စည်း နဲ့ ဟိုင်းစန့် စတဲ့ကုမ္ပဏီတို့ပါဝင်ထားကြပါတယ်။

တရုတ်ကုမ္ပဏီကြီးတွေက ကိုကာကိုလာ၊ မက်ဒေါ်နယ်နဲ့ ဘတ်ဝိုက်ဇာ စတဲ့ နာမည်ကြီး အမေရိကန် ကုမ္ပဏီတွေထက် ငွေကုန်ကြေးကျခံကာ အရင်းအနှီးစိုက်ထုတ်ခဲ့ပါတယ်။

Ref: Aljazeera

………………………………..

နာဆာရဲ့ Artemis I ဒုံးပျံကို လဆီသို့ လွှတ်တင်

နာဆာရဲ့ အာတီမစ် ၁ ဒုံးပျံဟာ နည်းပညာဆိုင်ရာ ပြင်ဆင်မှုတွေနဲ့ ဟာရီကိန်း မုန်တိုင်းနှစ်ခုကနေ နှောက်ယှက်လို့ လွှတ်တင်ဖို့ နှောင့်နှေးခဲ့ပြီးတဲ့နောက် နိုဝင်ဘာလ ၁၆ ရက် နံနက်ပိုင်းမှာတော့ ဖလော်ရီဒါကနေ လဆီသို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အာတီမစ် ၁ ဟာ လပေါ်ကို ၂၅ ရက်ခွဲကြာ ခရီးနဲ့ သွားရောက်မှာဖြစ်ပြီး ကမ္ဘာမြေပေါ်သို့ ပြန်လည်ဆင်းသက်မှာပါ။

ယာဉ်ပေါ်မှာ အာကာသယာဉ်မှူးတွေအစား လူပုံစံ အရုပ်တွေနဲ့ စနူပီ အရုပ်တို့ကို ဓာတ်ရောင်ခြည် တိုင်းတာဖို့နဲ့ လူသားတွေအတွက် ဒီဇိုင်းထုတ်ထားတဲ့ အသက်ကယ်စနစ်တွေ စက်ကိရိယာအသစ်တွေကို စမ်းသပ်ဖို့ ထည့်သွင်းလိုက်ပါတယ်။

အာတီမစ် ၁ မစ်ရှင်ရဲ့ အောင်မြင်မှုကတော့ ကမ္ဘာကနေ လကို အာကာသယာဉ်မှူးတွေနဲ့အတူ တင်ဆောင်သွားမယ့် အာတီမစ် ၂ နဲ့ ၃ လွှတ်တင်မှုအတွက် အရေးကြီးတယ်လို့ သိရပါတယ်။

Ref: CNN

………………………………..

၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ပါဝင်အရွေးချယ်ခံမယ်လို့ ဒေါ်နယ်ထရမ့်ကြေညာ

၂၀၂၄ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ သမ္မတအဖြစ် ပြန်လည်ရွေးချယ်ခံဖို့ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ကြေညာလိုက်ပါတယ်။

ဖလော်ရီဒါပြည်နယ် Palm Beach မှာရှိတဲ့ Mar-a-Lago အပန်းဖြေစံအိမ်မှာ ရာနဲ့ချီတဲ့ ထောက်ခံသူတွေကို နိုဝင်ဘာ ၁၅ ရက်နေ့က မိန့်ခွန်းပြောကြားရာမှာ ကြေညာခဲ့တာပါ။

လပေါင်းများစွာတိုင်အောင် သူ့ရဲ့ နောက်ပြောင်ပြောဆိုနေတာတွေကို တရားဝင်အတည်ပြုလိုက်တာဖြစ်ပါတယ်။

Ref: BBC

………………………………..

G20 အစည်းအဝေးကို အင်ဒိုနီးရှားမှာ ကျင်းပ

G20 ထိပ်သီးအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ပြီး လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲတွေ အဆုံးသတ်ဖို့ ဝိုင်းဝန်းဆောင်ရွက်ကြရန် အိမ်ရှင်သမ္မတ ဂျိုကိုဝီဒိုဒိုက တောင်းဆိုလိုက်ပါတယ်။

အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရလို့ မိမိတို့နိုင်ငံအတွက် အထူးဂုဏ်ယူမိတယ်လို့ ဝီဒိုဒိုက နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ပြောကြားထားပါတယ်။

ခုလို အခန်းတစ်ခုထဲမှာ တူတူထိုင်နိုင်ဖို့ ကြီးမားတဲ့ အားထုတ်မှုတွေ လိုအပ်တယ်ဆိုတာ နားလည်ပါတယ်လို့ တံခါးပိတ်ဆွေးနွေးမှုတွေ မစတင်မီ သူကပြောကြားပါသေးတယ်။

Ref: Aljazeera

………………………………..

ထိုင်ဝမ်နဲ့ မြောက်ကိုရီးယားအရေး အမေရိကန်နဲ့ တရုတ်တို့ ဆွေးနွေး

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်တို့ဟာ နိုဝင်ဘာလ ၁၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ သုံးနာရီကြာ တွေ့ဆုံမှုမှာ ထိုင်ဝမ်နဲ့ မြောက်ကိုရီးယား အရေးတို့နဲ့ ပတ်သက်လို့ ပြတ်ပြတ်သားသား ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဘိုင်ဒင်ကနေ ရှီကို ထိုင်ဝမ်အပေါ် ထားရှိတဲ့ အမေရိကန်ရဲ့ မူဝါဒတွေအပေါ် အာမခံဖို့ ကြိုးပမ်းခဲ့တယ်လို့ ဆိုထားပါတယ်။

စစ်အေးတိုက်ပွဲသစ် ဖြစ်ဖို့ မလိုအပ်သလို တရုတ်ဘက်ကလည်း တိုက်ပွဲသစ် စတင်ဖို့ ပြင်ဆင်နေပုံ မတွေ့ရကြောင်း ဘိုင်ဒင်က ပြောတာပါ။

မြောက်ကိုရီးယား အရေးနဲ့ ပတ်သက်လို့ ဘိုင်ဒင်က ပေကျင်းက ပြုံးယမ်းအပေါ် ဩဇာလွှမ်းမိုးမှု ရှိမရှိ သိရှိနိုင်ဖို့ ခက်ခဲတယ်လို့ ပြောခဲ့ပါတယ်။

အမေရိကန်ကတော့ မိမိကိုယ်ကို ကာကွယ်ဖို့နဲ့ မဟာမိတ် တောင်ကိုရီးယား၊ ဂျပန်တို့ကို ကာကွယ်ဖို့အတွက် လိုအပ်တဲ့ကိစ္စမှန်သမျှ လုပ်ဆောင်မှာဖြစ်ပြီး ဒီလုပ်ဆောင်မှုတွေကနေ မကြာခဏ ထိပ်တိုက် ရင်ဆိုင်ရဖွယ်ရှိတယ်လို့လည်း ဘိုင်ဒင်ကနေ ရှီကို ပြောခဲ့ပါတယ်။

Ref: CNA

………………………………..

ရုပ်သံကြည့်ရန် >>>>>

အမေရိကန်လေကြောင်း စွမ်းရည်ပြပွဲတွင် လေယာဉ်နှစ်စင်း တိုက်မိရာ လူ ၆ ဦး သေဆုံး

တက္ကဆက်ပြည်နယ်မှာ ကျင်းပခဲ့တဲ့ ဒုတိယကမ္ဘာစစ် အထိမ်းအမှတ် လေကြောင်းပြပွဲမှာ ခေတ်ဟောင်း စစ်လေယာဉ်နှစ်စင်း ပျံသန်းနေချိန် တိုက်မိကြပြီး မြေပြင်ပေါ်သို့ ပျက်ကျခဲ့လို့ လူခြောက်ဦး သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက နိုဝင်ဘာလ ၁၃ ရက်မှာ ပြောကြားခဲ့ပါတယ်။

တိုက်မိခဲ့တဲ့ လေယာဉ်နှစ်စင်းကတော့ ဘိုအင်း ဘီ-၁၇ ဖလိုင်းရင်း ဖောထရက်စ် (Boeing B-17 Flying Fortress) နဲ့ ဘဲလ် ပီ-၆၃ ကင်းကိုဘရာ (Bell P-63 Kingcobra) လေယာဉ်အသေးတစ်စင်း တို့ဖြစ်ကြပါတယ်။

ဘီ-၁၇ မှာ ပုံမှန်ဆိုရင် အဖွဲ့ဝင် လေးဦး၊ ငါးဦးအထိ ပါဝင်လေ့ရှိပြီး ပီ-၆၃ မှာတော့ လေယာဉ်မှူး တစ်ဦးကသာ မောင်းနှင်ရတယ်လို့ ဂုဏ်ပြုလေတပ် (Commemorative Air Force – CAF) ရဲ့ အမှုဆောင်အရာရှိချုပ်က ပြောကြားပါတယ်။

လေယာဉ်မှူးတွေက လေ့ကျင့်ယူထားတဲ့ အတွေ့အကြုံရှိ စေတနာ့ဝန်ထမ်းတွေ ဖြစ်ကြသလို အငြိမ်းစားယူထားတဲ့ စစ်ဘက် လေယာဉ်မှူးတွေလည်း မကြာခဏ ပါဝင်လေ့ရှိတယ်လို့ သူကဆိုပါတယ်။

Ref: CNA

………………………………..

ဖိလစ်ပိုင်ကလေးငယ်လေးကို ကမ္ဘာ့လူဦးရေရဲ့ ၈ ဘီလီယံမြောက်လူသားအဖြစ် သတ်မှတ်

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ နိုဝင်ဘာလ ၁၅ ရက်နေ့က မွေးဖွားခဲ့တဲ့ ကလေးမလေးနဲ့ ကမ္ဘာ့လူဦးရေ ၈ ဘီလီယံပြည့်မြောက်သွားခဲ့ပါတယ်။

ကုလသမဂ္ဂက ဗီနစ် မာဘန်ဆာဂျ် (Vinice Mabansag) ဆိုတဲ့ အဲဒီကလေးလေးကို ကမ္ဘာ့လူဦးရေ ၈ ဘီလျံပြည့်မြောက်တဲ့ သင်္ကေတမှတ်တိုင်အဖြစ် ရွေးချယ်သတ်မှတ်ခဲ့တာပါ။

ကမ္ဘာ့လူဦးရေ ၇ ဘီလျံပြည့်မြောက်ပြီး ၁၁ နှစ်အကြာမှာ ၈ ဘီလျံပြည့်မြောက်သွားခဲ့တာပါ။

လက်ရှိ ကမ္ဘာ့လူဦးရေရဲ့အများစုက အာရှတိုက်မှာ နေထိုင်ကြပါတယ်။

လာမယ့်နှစ်မှာ အိန္ဒိယက တရုတ်နိုင်ငံထက် လူဦးရေပိုများလာမယ်လို့ ခန့်မှန်းထားပါတယ်။

Ref: Times Now

………………………………..

ပဲရစ်လေဆိပ်မှာ ၁၈ နှစ်ကြာ နေထိုင်ခဲ့တဲ့ အီရန်အမျိုးသား ကွယ်လွန်

ပြင်သစ်နိုင်ငံ ပဲရစ်လေဆိပ်မှာ ၁၈ နှစ်ကြာ နေထိုင်ခဲ့တဲ့ အီရန်အမျိုးသား နက်ဆရီ (Mehran Karimi Nasseri) ဟာ နိုဝင်ဘာလ ၁၂ ရက်နေ့မှာ နှလုံးရှော့ဖြစ်ကာ ကွယ်လွန်သွားခဲ့ပါတယ်။

နက်ဆရီဟာ လေဆိပ်မှာ အိမ်အဖြစ် နေထိုင်ခဲ့ပြီး အချိန်အများစုမှာ စာရေး၊ စာဖတ်ခြင်းနဲ့ပဲ ကုန်ဆုံးခဲ့တာပါ။

သူဟာ ဒုက္ခသည်အဖြစ်နဲ့ ဘယ်လ်ဂျီယံနိုင်ငံမှာ နှစ်အတော်ကြာ နေထိုင်ခဲ့ပြီး ဗြိတိန်နိုင်ငံကိုလာချိန်မှာ သူ့ရဲ့လက်ဆွဲအိတ် ခိုးယူခံခဲ့ရပြီး ပြည်ဝင်ခွင့် စာရွက်စာတမ်းတွေ မရှိလို့ ဗြိတိန်၊ နယ်သာလန်၊ ဂျာမနီနိုင်ငံတွေက သူ့ကို ပြည်ဝင်ခွင့်မပေးခဲ့ပါဘူး။

အဲဒီနောက် ပဲရစ်မြို့ကို ရောက်လာခဲ့ပြီး ပဲရစ်လေဆိပ်ရဲ့ Terminal မှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့တာပါ။

သူ့အကြောင်းကို နိုင်ငံတကာ မီဒီယာတွေက သတိထားမိခဲ့ပြီးနောက်မှာ သူ့ဘဝအကြောင်းကို The Terminal ဇာတ်ကားအဖြစ် ပုံဖော်ရိုက်ကူးခဲ့ပြီး တွမ်ဟန့်ခ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဒီရုပ်ရှင်ကို ၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့ပါတယ်။

Ref: BBC

………………………………..