ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ သတင်းပေးလျှင် ဆုငွေချီးမြှင့်မည်ဟု ကော့သောင်းတွင် လိုက်လံကြေညာ

0
2834

ပြည်သူ့ကာကွယ်ရေးမြို့ပြပျောက်ကြားအဖွဲ့ဝင်များကို ဖမ်းပေးခြင်း၊ သတင်းပေးခြင်းများ ပြုလုပ်ပေးလျှင် ဆုတော်ငွေချီးမြှင့်မည်ဟု စစ်ကောင်စီဘက်က လိုက်လံကြေညာနေကြောင်း ကော့သောင်းဒေသခံများက ပြောသည်။

နိုဝင်ဘာလ ၁၆ ရက်ကစပြီး မြို့အနှံ့ ကားဖြင့်လိုက်လံကြေညာနေခြင်းဖြစ်ပြီး PDF တစ်ဦး ဖမ်းပေးလျှင် မြန်မာငွေ ၁၅ သိန်းနှင့် ပုန်းအောင်းနေထိုင်ရာအား သတင်းပေးလျှင် ၅ သိန်းကျပ် ဆုချီးမြှင့်မည်ဟု ကြေညာကြောင်း ဒေသခံများက ဆိုသည်။

ယင်းအပြင် PDF များ အလင်းဝင်ကြရန် ကြိုဆိုနေသည်ဟုလည်း ထည့်သွင်းကြေညာသွားသည်ဟု မြို့ခံများက ပြောဆိုသည်။

“ယာဉ်ထိန်းရဲ ပစ်သတ်ခံရပြီး နောက်တစ်နေ့ကစပြီး လိုက်ကြေငြာနေတာ နေ့တိုင်းပဲ။ ဟိုးအရင် နှစ်လ သုံးလ လောက်ကလည်း ဒီလိုကြေညာဖူးတယ်” ဟု ကော့သောင်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ကော့သောင်းမြို့တွင် ယာဉ်ထိန်းရဲတပ်ကြပ်ကြီး စန်းမော်အောင် နိုဝင်ဘာ ၁၅ ရက်ညက ပစ်သတ်ခံရပြီးနောက် ယင်းကဲ့သို့ လိုက်လံကြေညာနေသည်ဟု ဒေသခံများက ဆိုသည်။

ယာဉ်ထိန်းရဲ ပစ်သတ်ခံရပြီးနောက် ကော့သောင်းမြို့တွင် ဆိုင်ကယ်စီးနင်းမောင်းနှင်သူများကိုလည်း မီးသတ်၊ ရဲ၊ စစ်ကောင်စီတပ်ဖွဲ့တို့ ပူးပေါင်းပြီး အစစ်အဆေးတင်းကျပ်စွာလုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများက ပြောပြသည်။

“သွားရလာရ နေရထိုင်တော့ နည်းနည်းကျပ်သွားတာပေါ့” ဟု ဒေသခံအမျိုးသားနောက်တစ်ဦးက ပြောသည်။

ယာဉ်ထိန်းရဲ စန်းမော်အောင်ကို ကော့သောင်းမြို့ပြပျောက်ကြားတပ်ဖွဲ့တစ်ခုဖြစ်သည့် သမန်းကျားတပ်ဖွဲ့က သုတ်သင်ရှင်းလိုက်ကြောင်း ယင်းအဖွဲ့က ပြောဆိုထားသည်။