ထားဝယ်တက္ကသိုလ် ကျောင်းသားတစ်ဦး အကြမ်းဖက်ပုဒ်မဖြင့် တရားစွဲခံရဖွယ်ရှိဟုဆို

0
2927

ထားဝယ်မြို့နေအိမ်တွင် နိုဝင်ဘာလ ၁၁ ရက်က အဖမ်းခံလိုက်ရသည့် ကိုစိုးပြည့်ဖြိုးမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲခံရနိုင်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ကိုစိုးပြည့်ဖြိုးမှာ ထားဝယ်တက္ကသိုလ် အင်္ဂလိပ်စာ‌မေဂျာ အထူးပြု CDM ကျောင်းသားတစ်ဦး ဖြစ်သည်။

အွန်လိုင်းငွေလွှဲဝန်ဆောင်မှုလုပ်ငန်း K pay ဖြင့်ငွေလွှဲထားသည်ကို ခြေရာခံပြီး နေအိမ်တွင် လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးကပြောသည်။

“သူတို့အိမ်ကပြောတာကတော့ ပုဒ်မ ၅၀ ည နဲ့ (စစ်ကောင်စီက) တရားစွဲဖို့လုပ်နေတယ်လို့ ပြောတယ်။ အခုက K pay နဲ့ပတ်သတ်တာဆိုရင် ၅၀ ည နဲ့စွဲနေတာကိုး” ဟု ၎င်းကဆိုသည်။

ပုဒ်မ ၅၀ ည မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပါ ပုဒ်မတစ်ခုဖြစ်ပြီး အနိမ့်ဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အမြင့်ဆုံးထောင်ဒဏ်တစ်သက်အထိ ချမှတ်နိုင်သည့် ပုဒ်မ အမျိုးအစားဖြစ်သည်။

“မနေ့ကအထိတော့ စစ်ကြေားရေးမှာ စစ်ခံနေရသေးတယ် ပြောတယ်။ ဒီနေ့တော့ပြီးသွားလို့ ထောင်ကိုပို့လိုက်ပြီထင်တယ်” ဟု ကိုစိုးပြည့်ဖြိုးမိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

အာဏာသိမ်းပြီးနောက်ပိုင်း အကြောင်းအမျိုးမျိုးဖြင့် တက္ကသိုလ်ကျောင်းသာ၊ ကျောင်းသူ တော်တော်များများအဖမ်းခံခဲ့ရပြီး အချို့မှ တိမ်းရှောင်နေကြရသည်။

ထားဝယ်တက္ကသိုလ် အင်္ဂလိပ်စာမေဂျာမှ ‌ကိုစိုးပြည့်ဖြိုးအပါအဝင် အကျောင်းသားနှစ်ဦး၊ ကျောင်သူ သုံးဦး စုစုပေါင်း ၅ ဦးဖမ်းဆီးခံထားရကြောင်း အင်္ဂလိပ်စာ ကျောင်းသားတစ်ဦးကဆိုသည်။

ယင်းတို့အနက် ကျောင်းသူသုံးဦးမှာ ထောင်ဒဏ်နှစ်ရှည် အသီးသီးချမှတ် ခံထားရကြောင်း ၎င်းကဆိုသည်။

စစ်ကောင်စီက အွန်လိုင်းအခြေပြု ငွေလွှဲလုပ်ငန်းများဖြစ်သော Kpay၊ Wave pay စသည်တို့မှတစ်ဆင့် ငွေလွှဲသူများကို ခြေရာခံလိုက်နေပြီး NUG, PDF အဖွဲ့များနှင့် ဆက်စပ်၍ ငွေလွှဲထားသည်ဟု ယူဆပါက ဖမ်းဆီးစစ်ဆေးခြင်း၊ အကြမ်းဖက်မှု ဥပဒေဖြင့် တရားစွဲဆို ထောင်ချခြင်းတို့ လုပ်ဆောင်နေသည်။