ထားဝယ် မောင်မယ်ရှောင်တွင် အမျိုးသားနှစ်ဦးထံမှ လက်နက်နှင့် မူးယစ်ဆေးဖမ်းမိ

0
3573

ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာ လမ်းပိုင်းတစ်နေရာတွင် နိုဝင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက်နေ့တို့တွင် ညီအစ်ကို ဝမ်းကွဲတော်စပ်သည့် အမျိုးသားနှစ်ဦးထံမှ လက်နက်နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း ဒေသခံများက ပြောသည်။

ဖမ်းဆီးခံရသူများမှာ မောင်မယ်ရှောင်ရွာသား ကိုသားထူးနှင့် ကိုစိုးစိုးဆိုသူတို့ဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“သူတို့နှစ်ဦးက တစ်ဝမ်းကွဲ ညီအစ်ကိုတော်တယ်။ ရွာထဲမှာလည်း မူးယစ်ဆေး သုံးစွဲရောင်းဝယ်နေကြတယ်လို့ နာမည်ကြီးတယ်။ ကိုစိုးစိုးကတော့ မူးယစ်ဆေးအမှုနဲ့ ထောင်ကျခဲ့ဖူးတယ်။ အာဏာသိမ်းပြီးမှ လွတ်ငြိမ်းနဲ့ ပြန်လွတ်လာတယ်” ဟု ၎င်းက ပြောသည်။

မူးယစ်ဂိုဏ်းအဖွဲ့ဝင် အဆိုပါ အမျိုးသားနှစ်ဦးကို ထားဝယ်အခြေစိုက် PDF အဖွဲ့တစ်ဖွဲ့ဖြစ်သည့် Dawei Guerrilla Revolutionary Force -DGRF အဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ထားချက်အရသိရသည်။

ဖမ်းဆီးရမိစဉ် ကိုစိုးစိုးထံမှ ပစ္စတိုသေနတ်တစ်လက်၊ ကျည်ဆံ အတောင် ၆၀၊ WY ဆေးပြား ၇၀၀ ခန့်နှင့် ICE (ခေါ်) ရေခဲခေါ် မူးယစ်ဆေး အထုတ်ကြီးတစ်ထုတ်၊ ဆေးခြောက်တစ်ထုတ်၊ ဓားနှင့် လက်ကိုင်ဖုန်းနှစ်လုံးတို့ ဖမ်းမိကြောင်း ထုတ်ပြန်ထားသည်။

ကိုသားထူးဆိုသူ၏ လက်ဝယ်တွင် WY ဆေးပြား ၇၅ ပြားနှင့် ICE ၂၄ တောင့် လက်ကိုင်ဖုန်းနှစ်လုံး ငွေသား ခုနှစ်သောင်းကျပ်နှင့် လေးခွတစ်လက်အား သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ထားသည်။

ဖမ်းဆီးရမိသော မူးယစ်ဆေးများအား မီးရှို့ဖျက်ဆီးခဲ့ပြီး အဆိုပါ အမျိုးသားနှစ်ဦးကို လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူရန် ထိန်းသိမ်းထားဆဲဖြစ်ကြောင်း ယင်းအဖွဲ့၏ နိုဝင်ဘာ ၁၅ ရက်နေ့က ထုတ်ပြန်ချက်ထဲတွင် ရေးသားဖော်ပြသည်။

သို့သော် နိုဝင်ဘာလ ၁၅ ရက် ညနေပိုင်းက ကိုသားထူးဆိုသူအားတွေ့ရပြီး ယနေ့ နံနက်ပိုင်းက ကိုစိုးစိုးဆိုသူအား တွေ့ရကာ မည်သည့်အကြောင်းအရင်းကြောင့် လွတ်မြောက်လာသည်ဆိုသည်ကိုမူ မသိကြောင်း ဒေသခံအချို့က ပြောသည်။

“ထိန်းသိမ်းထားတယ်လို့လည်းပြောတယ်။ သူတို့ပြန်လွတ်လာတယ်ဆို‌တော့ စိုးရိမ်တာပေါ့နော်။ ပြီးတော့ သူတို့ ကလည်း လက်နက်ကိုင်ဆောင်ပြီး မူးယစ်ဆေးသုံးတဲ့သူတွေ ဖြစ်နေတာကြောင့်ပါ” ဟု ဒေသခံတစ်ဦးက ပြောဆို သည်။

အဆိုပါ အမျိုးသားနှစ်ဦး ပြန်လည်လွတ်မြောက်ခြင်း ဟုတ်မဟုတ်ကိုမူ Dawei watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခဲ့ခြင်း မရှိသေးပေ။

DGRF ၏ ထုတ်ပြန်ချက်တွင် ‌ထားဝယ်ဒေသအတွင်း စစ်ကောင်စီအတွက် ဘဏ္ဍာငွေရှာဖွေပေးသော လောင်းကစားဝိုင်းနှင့် မူးယစ်ဆေး ရောင်းဝယ်နေမှုများအား ပြင်းထန်စွာသတိပေးတားမြစ်ထားကြောင်း ဖော်ပြသည်။

လိုက်နာခြင်းမရှိပါက ငဲ့ညှာခြင်းအလျင်းမရှိဘဲ အပြစ်ပေးသွားမည်ဖြစ်ကြောင်း ပြင်းပြင်းထန်ထန် သတိပေးလိုက်သည်ဟုလည်း ရေးသားဖော်ပြထားသည်။