အီနေသည့်ရွှေ၊ တက်ရိပ်ပြနေသည့် ထိုင်းဘတ်နှင့် တစ်ပတ်အတွင်း သုံးသပ်ချက်

0
2813

ယခုအပတ်တွင် ရွှေ ဈေးမှာ အီနေပြီး ထိုင်းဘတ်ငွေဈေးမှာ တက်ရိပ်ပြနေသည်။

ပြီးခဲ့သည့်အပတ်ကတည်းက အတက်အကျနည်းခဲ့သည့် ရွှေဈေးမှာ  ယခုအပတ်တွင်လည်း ဈေးအီနေပြီး အရောင်းအဝယ်ပါးနေသည်။

ထိုင်းဘတ်ဈေးမှာမူ တက်ရိပ်ပြနေသော်လည်း ကြီးမားသည့် ဈေးအပြောင်းအလဲမရှိခဲ့ချေ။

ဈေးအီနေသည့်ရွှေ အရောင်းအဝယ်ပါး

တစ်ကျပ်သားလျှက် ၂၇ သိန်းဝန်းကျင်ဖြင့် ဈေးအီနေသည့် အခေါက်ရွှေမှာ အရောင်းအဝယ်ပါးနေခဲ့သည်။

နိုဝင်ဘာလ ၈ ရက် (အင်္ဂါနေ့) က ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင်  နှစ်ဆယ့်ခြောက်သိန်းခွဲ ဖြင့် ဈေးဖွင့်ခဲ့သည်။

နောက်ရက်များတွင်လည်း ဈေးအပြောင်းအလဲ နည်းခဲ့ပြီး အဆိုပါဈေးတန်းဖြင့်ပင်ရောင်းချနေသည်။

အလှုပ်အခတ်နည်းပြီး ဈေးအီနေသည့်အတွက် ဈေးကွက်အတွင်း အရောင်းအဝယ်ပါးနေကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

“ရွှေဈေးငြိမ်လွန်းတော့ ဒီလအရောင်းအဝယ်ကတော့ အရမ်းကိုကျသွားတယ်ရှင်”ဟု ၎င်းက ပြောသည်။

နိုဝင်ဘာလ ၁၁ ရက်(သောကြာနေ့) ပေါက်ဈေးအရ တစ်ကျပ်သားလျှင် ၂၇ သိန်းဈေးဖွင့်ထားသည်။

တက်ရိပ်ပြနေသည့် ဘတ်ဈေး

ဘတ်ဈေးမှာ ယခုအပတ်တွင် တဖြည်းဖြည်းချင်းတက်နေပြီး တက်ရိပ်ပြနေသည်။

တနင်္လာနေ့(နိုဝင်ဘာလ ၇ ရက်)က  ထိုင်းငွေတစ်ဘတ်လျှင် ၇၈ ကျပ်ခွဲ  ပေါက်ဈေးရှိခဲ့သည်။

နောက်ရက်များတွင် ထိုင်းငွေတစ်ဘတ်လျှင် တစ်ကျပ် ဈေးတက်သွားပြီး ၇၉ ကျပ်ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်နေကြသည်။

ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ထိုင်းငွေတစ်ဘတ်လျှင် ၇၉ ကျပ် ပေါက်ဈေးရှိနေပြီး ထိုင်းငွေ ၁၂၆၅  ဘတ်လဲလျှင် မြန်မာငွေကျပ် တစ်သိန်းရမည်ဖြစ်သည်။

အတက်ဈေးရောက်နေသည့် စက်သုံးဆီ

ရွှေဈေးမှာ  အလှုပ်အခတ်နည်းပြီး အီနေသော်လည်း စက်သုံးဆီဈေးမှာမူ အတက်ဈေးတွင် ရှိနေသည်။

ယခုအပတ် တနင်္လာနေ့ဈေးဖွင့်ချိန်က 92 ဓာတ်ဆီတစ်လီတာလျှင် ၂၁၈၀ ကျပ်ရှိခဲ့ပြီးနောက် နေ့တိုင်းနီးပါး ဈေးပြောင်းနေသည်။

ထိုနောက်အင်္ဂါနေ့တွင် တစ်လီတာလျှင် ၂၂၀၀ ကျပ်အထိမြင့်တက်သွားခဲ့သည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့်နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ၂၂၀၀ ကျပ်မှ ကျပ် ၃၀၀၀ ကျော်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

လာမည့်အပတ်တွင် ပြည်တွင်းရွှေဈေးမှာ အတက်ဘက်သို့ ရောက်သွားနိုင်သော်လည်း ကြီးမားသည့် ဈေးအပြောင်းအလဲ ဖြစ်မလာနိုင်ဟု ခန့်မှန်းရသည်။

လက်ရှိကမ္ဘာ့ရွှေဈေးမှာ အတက်ဘက်ရောက်နေသော်လည်း  အမေရိကန်ဒေါ်လာလဲလှယ်နှုန်းထား ငြိမ်နေသည့်အတွက် ပြည်တွင်းရွှေဈေး အီနေခြင်းဖြစ်သည်။

ကမ္ဘာ့ဈေးကွက်တွင် ရွှေတစ်အောင်စလျှင်၁၇၇၀ ဒေါ်လာ ပေါက်ဈေးရှိနေသည့်အတွက် ပြည်တွင်းပေါက်ဈေးမှာ လက်ရှိနှုန်းထားထက် ပိုသင့်ကြောင်း ရွှေလုပ်ငန်းရှင်အချို့က သုံးသပ်သည်။

သို့ရာတွင် ဒေသတွင်း ရွှေဝယ်လိုအား မရှိသည့်အတွက် လာမည့်အပတ်တွင် ရွှေဈေး အပြောင်းအလဲကြီးကြီးမားမား မဖြစ်နိုင်ဟု ခန့်မှန်းရသည်။

ထိုင်းဘတ်ဈေးလည်း ရွှေဈေးနှင့်အတူ ဆက်မြင့်တက်လာပြီး ဈေးအတက်အကျ ကြမ်းနိုင်သည့် အနေအထားမျိုး မရှိနိုင်ဟု ခန့်မှန်းရသည်။

စစ်ကောင်စီက သတ်မှတ်ထားသည့် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ကန့်သတ်ချက်များက ကုန်သည်များအတွက် အခက်တွေ့စေသော်လည်း ထိုင်းဘတ်ငွေဈေး အတက်အကျ နည်းလာစေသည်။

ထိုကြောင့် လက်ရှိပေါက်ဈေးအတိုင်းပင် အပြောင်းအလဲနည်းစွာဖြင့် ဈေးဖွင့်နေမည်ဟု ခန့်မှန်းရသည်။

ပြည်တွင်းစက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေးနှင့် အမေရိကန်ဒေါ်လာငွေလဲဈေးအပေါ် အဓိက မူတည်နေသည်။

လက်ရှိကမ္ဘာ့ရေနံစိမ်းပေါက်ဈေးမှာ အတက်ဘက်တွင်ရှိနေသည်။

ရေနံအဓိကထုတ်လုပ်သည့် အိုပက်အဖွဲ့ဝင်နိုင်ငံများက ရေနံစိမ်းထုတ်လုပ်မှုကို လျော့ချရန် ဆုံးဖြတ်လိုက်ခြင်းက ကမ္ဘာ့စက်သုံးဆီဈေးမှာ အတက်ဘက်သို့သာ ဦးတည်စေသည်။

ထိုကြောင့် ပြည်တွင်းစက်သုံးဆီဈေးမှာလည်း အတက်ဈေးတွင် ဆက်ရှိနေမည်ဖြစ်သည်။