ဘန်ကောက်တွင် ကော့သောင်းသူကို သတ်ခဲ့သည်ဆိုသည့် မြန်မာလုပ်သားအဖမ်းခံရ

0
4485

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဝတ်လစ်စားလစ်ပုံစံဖြင့် သေဆုံးနေသော ကော့သောင်းဒေသခံ အမျိုးသမီးကို သတ်ခဲ့သည်ဟုဆိုသော မြန်မာအလုပ်သမားအမျိုးသားတစ်ဦးကို နိုဝင်ဘာလ ၁၁ ရက် ညပိုင်းတွင် ဖမ်းမိကြောင်း သေဆုံးသူ၏ မိတ်ဆွေများထံမှ သိရသည်။

ဘန်ကောက်ခရိုင် ဘန်ဘော်ဒေသ အေကချိုင်တွင် “ထားဝယ်သူ” ဟု လူသိများသော အမျိုးသမီးတစ်ဦးကို လည်ပင်း ညှစ်ထားသော ဒဏ်ရာနှင့်အတူ ဝတ်လစ်စားလစ်ပုံစံဖြင့် သေဆုံးနေသည်ကို နိုဝင်ဘာလ ၁၀ ရက်နေ့ နေ့လယ်ပိုင်း က တွေ့ရှိခဲ့သည်။

ထိုင်းရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများက အမှုကို စုံစမ်းစစ်ဆေးခဲ့ရာမှ အမျိုးသမီးကို သတ်ခဲ့သူဟုဆိုသူ မြန်မာ အလုပ်သမား ကိုကျော်ဝင်းဆိုသူကို ဖမ်းဆီးရမိခဲ့ကြောင်း သေဆုံးသူနှင့် နီးစပ်သူများထံမှ သိရသည်။

ကိုကျော်ဝင်းဆိုသူသည် သေဆုံးသူ၏ အခန်းဘေးကပ်လျက်တွင် နေထိုင်သူဖြစ်ကာ ၎င်းတွင် ဇနီးနှင့် ကလေးရှိသူဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

သေဆုံးသူနေထိုင်သော နှစ်ထပ်အဆောက်အအုံရှိ အမျိုးသား၊ အမျိုးသမီးများကို စစ်ဆေးရာတွင် သေဆုံးသူ၏ အခန်းဘေးကပ်လျက်အခန်းက မြန်မာလူမျိုးတစ်ဦး ပျောက်ဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သေဆုံးသူနှင့် နီးစပ်သူများထံမှ သိရသည်။

ပျောက်ဆုံးနေသူ၏ ဇနီးဖြစ်သူ၊ ယောက်ဖနှင့် အစ်ကိုဖြစ်သူများကို စစ်ဆေးမေးမြန်းနေစဉ် ကာယကံရှင် ကိုကျော်ဝင်း ကိုယ်တိုင်ဆက်သွယ်ကာ လာရောက်အဖမ်းခံခဲ့ကြောင်း ၎င်းတို့က ပြောသည်။

သေဆုံးသူကို အဓမ္မပြုကျင့်၊ တုတ်ဖြင့် ရိုက်ကာ လည်ပင်းညှစ်ခဲ့သည်ဟု ရဲစခန်းတွင် ဝန်ခံထွက်ဆိုခဲ့သည်ဟု သိရကြောင်း သေဆုံးသူနှင့် ရင်းနှီးသူများမိတ်ဆွေများက ပြောဆိုသည်။

“မုဒိမ်းကျင့်ခဲ့တာကို ရဲစခန်းမှာ သူကိုယ်တိုင်ပဲ ဝန်ခံခဲ့တယ်။ ကောင်မလေးအခန်းဘေးတွေကို စစ်ရင်းကနေ ပျောက်နေတယ်ဆိုပြီး သတင်းရလို့ သူ့မိန်းမနဲ့ ဆွေမျိုးတွေကို စစ်ရင်းကနေ သူကိုယ်တိုင်လာဖမ်းခံခဲ့တာ” ဟု သေဆုံးသူ၏ မိတ်ဆွေဖြစ်သူတစ်ဦးက ပြောသည်။

သေဆုံးသူသည် ထိုင်းနိုင်ငံတွင် မိသားစုဆွေမျိုးများမရှိဘဲ ၎င်း အလုပ်လုပ်ကိုင်ရာ အထည်ချုပ်စက်ရုံအနီးရှိ အခန်း၌ တစ်ဦးတည်းနေထိုင်သူဖြစ်ကြောင်း သေဆုံးသူနှင့် နီးစပ်သူများထံမှ သိရသည်။

သေဆုံးသူသည် နိုဝင်ဘာလ ၈ ရက်က ထိုင်းတန်ဆောင်တိုင်ပွဲတော် “Loi Krathong” ပွဲတော်ကို သွားခဲ့ပြီး နောက်ပိုင်း သူငယ်ချင်းများနှင့် ၂ ရက်ကြာအဆက်သွယ်ပြတ်သွားခဲ့ကာ အခန်းအတွင်းတွင် တစ်ယောက်တည်း ဝတ်လစ်စားလစ်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

အလောင်းတွေ့ရှိသော နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ထိုင်းရဲတပ်ဖွဲ့က ၎င်း၏ ချစ်သူဟု ယူဆထားကြသော မြန်မာတစ်ဦးကို ခေတ္တဖမ်းဆီးထိန်းသိမ်းကာ မေးမြန်းခဲ့ပြီးနောက် ယင်းနေ့ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။

“သူ့အခန်းက မလုံခြုံဘူးလို့ သူအမြဲပြောတယ်။ အခန်းသော့ခတ်ခဲ့လည်း ဖုန်းတွေ ပိုက်ဆံတွေ အမြဲပျောက်နေ တယ်လို့ ကျွန်တော့် ပြောဖူးတယ်။ တံခါးတွေက ဖွင့်ရလွယ်တယ်တဲ့။ အဲဒီညက သူ့အခန်းကနေ အော်သံကြားရတယ်လို့ ပြောကြတယ်။ ညဘက်ဆိုတော့ ဘယ်သူမှ ထွက်မကြည့်ခဲ့ကြမိဘူး” ဟု ထိန်းသိမ်းခံထားရာမှ ပြန်လွတ်လာသူက ဆိုသည်။

အမှုမှန် ပေါ်ပေါက်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့သော IRA- ပြည်တွင်းပြန်လည်ထူထောင်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများကို ကျေးဇူးတင်ကြောင်း အလုပ်သမားသံအရာရှိဟောင်း ဦးဝေလင်းမောင်က လူမှုကွန်ရက်တွင် ရေသားခဲ့သည်။

အဓမ္မပြုကျင့်ခံရသူ၏ အလောင်းကို ကောင်းမွန်စွာ သဂြိုဟ်နိုင်ရေးနှင့် အဓမ္မပြုကျင့်သူအား ထိုက်သင့်သော ပြစ်ဒဏ်ကျခံနိုင်ရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ရေးသားထားသည်။