ပုလော မြဒေါင်ရွာသားတစ်ဦး ပစ်သတ်ခံရ

0
3988

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မြဒေါင်ကျေးရွာတွင် ရွာသားတစ်ဦး ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများ ထံမှသိရသည်။

အသက် ၅၀ ဝန်းကျင်ရှိ ဦးကျော်စိုးအောင်ဆိုသူကို နိုဝင်ဘာလ ၁၀ ရက်နေ့ ညဦးပိုင်းတွင် မြဒေါင်ရွာစာသင်ကျောင်း အနီး၌ အမည်မသိအဖွဲ့တစ်ဖွဲ့က လာရောက် ပစ်သတ်သွားကြေင်း ဒေသခံများက ဆိုသည်။

“သေပြီးတဲ့နောက် ညတွင်းချင်းပဲ ပုလောဆေးရုံကို ယူဆောင်သွားကြတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ဦးကျော်စိုးအောင်မှာ လယ်ယာလုပ်ငန်းလုပ်ကိုင်သူဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

၎င်းကို မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်ခဲ့သည်ကိုမူ Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း မြဒေါင်ကျေးရွာ ရာအိမ်မှူး ကိုနီ သေနတ်ဖြင့် ပစ်ခံရပြီး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။