ကထိန်ရာသီအပြီး ထားဝယ်တွင် ငါးကွန်းရှပ်နှင့် ပုစွန်ဈေးပြန်ကျ

0
3496

ထားဝယ်တွင် ကထိန်ရာသီတစ်လလုံး တစ်ပိဿာလျှင် ကျပ်သုံးသောင်းအထိ ဈေးမြင့်တက်ခဲ့သော ငါးကွန်းရှပ်နှင့် ပုစွန်ဈေးများ ပြန်ကျနေကြောင်း ထားဝယ်ကမ်းနားဈေးတွင် ရေထွက်ကုန်ပစ္စည်းရောင်းချသူများထံမှ သိရသည်။

အောက်တိုဘာလ တတိယပတ်တွင် ငါးကွန်းရှပ်တစ်ပိဿာလျှင် ကျပ်သုံးသောင်းအထိ ပေးရပြီး ပုဇွန် (အကြီးဆိုဒ်) ချောကြီး တစ်ပိဿာဈေးနှုန်းမှာလည်း ကျပ်သုံးသောင်းအထိ အမြင့်ဆုံးဈေးတက်ကြောင်း ၎င်းတို့ထံမှ သိရသည်။

ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့တွင်မူ ငါးကွန်းရှပ်ကြီး တစ်ပိဿာဈေးနှုန်းမှာ ၁၅၅၀၀ ကျပ် နှင့် ပုဇွန်ချောကြီး တစ်ပိဿာဈေးနှုန်းမှာ ၂၅၀၀၀ ကျပ်သို့ အသီးသီးဈေးကျသွားကြောင်း ထားဝယ်ကမ်းနားဈေးတွင် ရေထွက် ကုန်ပစ္စည်း ရောင်းချသူအမျိုးသမီးတစ်ဦးက ပြောသည်။

“ဈေးကျသွားတာက အလှူရာသီကုန်သွားလို့ပါ” ဟု ၎င်းက ဆိုသည်။

ငါးကွန်းရှပ်မှာ အလှူပွဲများတွင် အသုံးပြုများသည့် ငါးဖြစ်ပြီး ကထိန်ပွဲတော်ကာလတွင် ငါးကွန်းရှပ် ရှားပါးသေးသည့် ကာလဖြစ်ကြောင်း ထားဝယ်ကမ်းနားဈေးတွင် ငါးအဝယ်ဒိုင်ဖွင့်လှစ်ထားသူအမျိုးသားတစ်ဦးက ပြောဆိုသည်။

“ငါးကွန်းရှပ်က ပွဲသုံးငါးပေါ့နော်။ အဲဒီတုန်းအလှူကာလလည်းဖြစ်တယ်။ ငါးလည်း ရှားသေးတော့ ဈေးတက်တယ်။ အခုက ပွဲတွေ မရှိတော့ဘူး။ ငါးကလည်း ပေါတော့ ဈေးကျလာတာပေါ့” ဟု ၎င်းက ပြောသည်။

ငါးကွန်းရှပ်နှင့် ပုစွန်ကို ဘုန်းကြီးဆွမ်းကပ်ရန် အများဆုံးအသုံးပြုသည့်အတွက် သီတင်းကျွတ်လပြည့်‌ကျော် ၁ ရက် ကနေ တန်ဆောင်မုန်းလပြည့်နေ့အထိ ကျင်းပသည့် ထားဝယ် ကထိန်ရာသီတွင် အထက်ပါငါးများ ဈေးမြင့်လေ့ ရှိပြီး ကထိန်ရာသီအပြီးတွင် ပြန်ကျသွားလေ့ရှိကြောင်း အထက်ပါဈေးကွက်ထံမှသိရသည်။