သထုံတွင် စစ်ကောင်စီတပ်ကား ပစ်ခတ်ခံရပြီး သုံးဦးသေဆုံးဟုဆို

0
3854

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် စစ်ကောင်စီတပ်ကားကို ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် သုံးဦးသေဆုံးသွားကြောင်း သထုံပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့ (ပကဖ) ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယနေ့ နိုဝင်ဘာလ ၁၀ ရက် နံနက် ၅နာရီခွဲခန့်က ဝင်းစိန်ကျေးရွာက ပြည်သူများကို လာရောက်ဖမ်းဆီးပြီး ပြန်လာသည့် စစ်ကောင်စီတပ်ကားကို လမ်းတွင် တားဆီးပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

သေဆုံးရာတွင် စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူး ဗိုလ်မှူး ချစ်ဝင်း ပါဝင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

စစ်ကောင်စီတပ်ဘက်က တစ်ဦးမှာ ဒဏ်ရာများဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီတပ်ကားပေါ်က သေနတ် သုံးလက် သိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးခံရသည့်ပြည်သူများကိုလည်း ကယ်ထုတ်နိုင်ခဲ့ကြောင်း သထုံပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့က ထုတ်ပြန်ထားသည်။

စစ်ကောင်စီကား ပစ်ခတ်ခံရပြီးနောက် ဝင်းစိန်ကျေးရွာတဝိုက်တွင် စစ်ကောင်စီတပ်က လုံခြုံရေးအင်အား တိုးချဲ့ထားပြီး ရှာဖွေစစ်ဆေးမှုများလည်း လုပ်ဆောင်နေကြောင်း ဒေသခံတို့က ပြောသည်။

စစ်ကောင်စီတပ်ကားအား ပစ်ခတ်ပြီးအပြန် မွန်းလွဲ ၂ နာရီခွဲအချိန်ကလည်း ညာဓဝယ်ကျေးရွာရှိ အမှတ် (၁) အမြှောက်တပ်ကို ၄၀ မမ AK ခွင်း ဗုံးများဖြင့် ပစ်ခတ်ခဲ့သေးကြောင်း သထုံပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့ ထုတ်ပြန် ထားသည်။

သထုံပြည်သူ့ကာကွယ်ရေးအဖွဲ့သည် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းကလည်း သထုံမြို့နယ် ထောင်မှူး ကျေးရွာအုပ်စု ဈေးမသွယ်ကျေးရွာက နယ်ထိန်းရဲတပ်ကြပ် အောင်ဝင်းထွန်းကို ပစ်ခတ်ရှင်းလင်းခဲ့သေးသည်။

သထုံမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသကွယ်ရေးတပ်ဖွဲ့တို့အကြား ပစ်ခတ်မှု မကြာခဏ ဖြစ်ပွားလေ့ရှိသည့် အပြင် စစ်ကောင်စီယာဉ်များလည်း မကြာခဏ ပစ်ခတ်ခံနေရသည်။