ဆွမ်းစားကြွသည့် မူးဒူးဆရာတော် သေနတ်ဖြင့်ပစ်ခံရ၍ ဒဏ်ရာရ

0
7400

ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ မူးဒူးရွာဆရာတော်သည် ယနေ့ (နိုဝင်ဘာ ၅ ) မနက် အလှူအိမ်သို့ဆွမ်းစားကြွရာ အလှူအိမ်မရောက်မီ လမ်းခုလတ်တွင် ပစ်ခတ်ခံလိုက်ရသည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ဆရာတော်သည် ယနေ့ နံနက် လေးနာရီဝန်းကျင်ခန့်တွင် VIGO အမျိုးအစား မော်တော်ယာဉ်ဖြင့် ယာဉ်မောင်းဖြစ်သူ အမျိုးသားတစ်ဦးနှင့်အတူ ပရဒတ်ကျေးရွာအလှူသို့ ဆွမ်းစားကြွရာ မူးဒူးရွာနှင့် ထိန်ကြီးရွာကြား ဒေသအခေါ် ဇော်အန်း တံတားအနီးတွင် သေနတ်ဖြင့်ပစ်ခတ်ခံရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“လေးနာရီလောက်က သေနတ်သံတော့ လေးငါးချက်ကြားရတယ် မနက်ရောက်မှ ဆရာတော်ကား ပစ်ခတ်ခံရတယ်ဆိုတာ သိရတယ်”ဟု ၎င်းကပြောသည်။

ပစ်ခတ်ခံရမှုကြောင့် ဆရာတော်၏ ဝဲဘက်ခြောက်ထောက်(ပေါင်)တွင် သေနတ်ဒဏ်ရာရရှိခဲ့ပြီး ယာဉ်မောင်းဖြစ်သူအမျိုးသားမှာ ထိခိုက်ဒါဏ်ရာရရှိမှုမရှိပေ။

စစ်ကောင်စီ အကြီးအကဲ ခရီးစဉ်ရှိသဖြင့်ဆိုကာ နိုဝင်ဘာ ၂ ရက်နေ့မှစပြီး ထားဝယ်အထူးစီးပွားရေးဇုန် တစ်ခုလုံးကို လုံခြုံရေးအင်အားတိုးမြင့်ထားသည်။

ယနေ့ဆရာတော် အပစ်ခံရသောနေရာသည် စစ်တပ် လုံခြုံရေးကားများ နိုဝင်ဘာ ၂ ရက်မှစပြီး ကင်းလှည့်ရာလမ်းကြောင်းတွင် ဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။

“ရပ်ခိုင်းတာ မကြားပဲ ဆက်မောင်းနေလို့ ပစ်ခံရတယ်ကြားတာပဲ မှောင်နေတယ် ဆိုတော့လည်း ဘုန်းကြီးကားမှန်း မသိလို့ဖြစ်မှာပေါ့” ဟု၎င်းကပြောသည်။

အထက်ပါပြောဆိုချက်နှင့် ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်မပြု နိုင်သေးပေ။

ဒဏ်ရာရရှိသော မူးဒူးဆရာတော်မှာ ထားဝယ်မြို့သို့ သွားရောက်ပြီး ဆေးကုခံယူလျက်ရှိသည်။