ဆွီဒင်တိရစ္ဆာန်ရုံမှ လွတ်သွားသော ၇ ပေရှည် တောကြီးမြွေဟောက် တစ်ပတ်အကြာမှာ လှောင်အိမ်ထဲပြန်လာ

0
55353

အလွန်အဆိပ်ပြင်းသော အရှည် (၇)ပေရှိ တောကြီးမြွေဟောက်ကြီးဟာ ဆွီဒင်နိုင်ငံက တိရစ္ဆာန်ရုံတစ်ရုံက သူ့လှောင်အိမ်ထဲကနေ ထွက်ပြေးလွတ်မြောက် သွားခဲ့ပါတယ်။

မြွေကြီးပျောက်လို့ သီတင်းတစ်ပတ်ကြာ ဒေါင်းတောက်အောင် ရှာကြရတာပေါ့။ အဆိပ်ကလည်း အင်မတန် ပြင်းတာကိုး။ ဒါပေမဲ့ သီတင်းပတ် (၁)ပတ်ကြာတဲ့အခါ သူ့နေရာသူ ခပ်တည်တည်နဲ့ မြွေကြီးက ပြန်လာသတဲ့လေ။

ခုတော့ မြွေကြီးကို ဟူဒီနီ လို့ နာမည်ပေးထားတာ ဖြစ်ပါတယ်။ “ဟူဒီနီ က သူ့ရဲ့ လှောင်အိမ်ထဲကို ပြန်ဝင်လာခဲ့ပါတယ်” လို့ ဆကန်ဆန် တွားသွားသတ္တဝါမျိုးစုံ ပြတိုက်က CEO ဂျိုနက်စ်ဝဲစတွန်း က ပြောကြားပါတယ်။

အဆိုပါ သတ္တဝါမျိုးစုံပြတိုက်ဟာ စတော့ဟုမ်းမြို့က တိရစ္ဆာန်ရုံရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။

အလွန်အဆိပ်ပြင်းတဲ့ တောကြီးမြွေဟောက်ဟာ သူ့ရဲ့ ဖန်လှောင်အိမ်ထဲက မီးအလင်းရောင်ပေးတဲ့ နေရာ အပေါက်ကလေးကနေ မျက်နှာကျက်က ထွက်သွားခဲ့တာ ဖြစ်ပါတယ်။

ပျောက်သွားသည့်အခါ အလွန်အန္တရာယ်ကြီးသဖြင့် အသည်းအသန်ရှာကြကာ X-ray စက်များဖြင့်ပါ ရှာခဲ့ကြပါတယ်။ X-ray စက်ထဲမှာ အုတ်နံရံတွေ ထဲ တွေ့လိုက် ပျောက်သွားလိုက်နဲ့ ပိုက်စိတ်တိုက် ရှာနေခဲ့ကြသော်လည်း မြွေက ခပ်တည်တည်နဲ့ သူ့လှောင်အိမ်ထဲမှာ လာပြန်နေနေတာကို မြင်မှ အားလုံး စိတ်သက်သာ ရသွားခဲ့ပါသတဲ့။

မြွေက ပြန်မလာဘဲ လွတ်သွားလျှင်လည်း ဆွီဒင်ရာသီဥတုက အေးတာမို့ အသက်ရှင်ဖို့ မလွယ်ဘူးလို့ တိရစ္ဆာန်ရုံ တာဝန်ရှိသူတွေက ပြောပါတယ်။