တိုင်းပြင်ပနေသူများ ထားဝယ်တွင် နိုင်ငံကူးလက်မှတ် လာလျှောက်မှုများပြား

0
4170

ထားဝယ်မြို့ရှိ နိုင်ငံကူးလက်မှတ် ( Passport) ထုတ်ပေးရေးရုံးတွင် တနင်္သာရီတိုင်းတွင် နေထိုင်သူများထက် တိုင်းပြင်ပမှ နိုင်ငံကူးလက်မှတ် လာရောက်လုပ်ကိုင်သူမှာ ပိုမိုများပြားကြောင်း ပွဲစားအချို့ထံမှ သိရသည်။

မြန်မာနိုင်ငံမြို့ကြီးများတွင် နိုင်ငံကူးလက်မှတ် လုပ်ကိုင်လိုသူ အလွန်များပြားနေသဖြင့် နိုင်ငံကူးလက်မှတ်ရရှိရန် လအတော်ကြာစောင့်ဆိုင်းနေရ၍ ထားဝယ်တွင်လာရောက် လျှောက်ထားခြင်းဖြစ်ကြောင်း ပွဲစားအချို့က ဆိုသည်။

ရန်ကုန်မြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် နိုင်ငံကူးလက်မှတ် လျှောက်ထားလိုပါက အွန်လိုင်းမှကြိုတင်စာရင်းသွင်းရပြီး သတ်မှတ်ရက်ရောက်မှသာ လာရောက်လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရုံးက တရားဝင်ကြေညာထားသည်။

အွန်လိုင်းမှ ၃ လကြိုတင်စာရင်းသွင်း လျှောက်ထားခွင့်ပြုထား‌သော်လည်း ပြည့်နေပြီဖြစ်သဖြင့် ကြိုတင်စာရင်းသွင်းခွင့်ရဖို့ပင် ခက်ခဲကြောင်း နိုင်ငံကူးလက်မှတ် လျှောက်ထားရန် လုပ်ဆောင်နေသူတစ်ဦးကဆိုသည်။

ပွဲစားအကူအညီဖြင့် အွန်လိုင်းကြိုတင်စာရင်းသွင်းမှသာ ရနိုင်ကြောင်း စာရင်းသွင်းခွင့်ရဖို့ပင် ပွဲစားခ တစ်သိန်းကျော်ပေးရကြောင်း ၎င်းကဆိုသည်။

ထားဝယ်တွင်မူ နိုင်ငံကူးလက်မှတ်ကို လျှောက်ထားပြီး နှစ်ပတ်အတွင်း ထုတ်ပေးလေ့ရှိသည်။

ယင်း‌ကြောင့် နယ်မြို့များရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးများတွင် သွားရောက်လျှောက်ထားသူ များနေခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

“အုပ်စုလိုက် ဟိုတယ်မှာလာတည်းပြီးကို လာလုပ်ကြတာ” ဟု ထားဝယ်မှ ပွဲစားတစ်ဦးကဆိုသည်။

လက်ရှိတွင် ထားဝယ်မြို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကို ယာယီပိတ်ထားပြီး မည်သည့်အတွက်ကြောင့် ပိတ်ထားသည်ကိုမူ မေးမြန်း၍ မရသေးပေ။

လျှောက်ထားသူများပြားသဖြင့် လုပ်ထုံးလုပ်နည်းအရ လျှောက်ထားပြီး နှစ်ပတ်အတွင်း နိုင်ငံကူးလက်မှတ် အလျဉ်မီအောင် ထုတ်ပေးနိုင်ခြင်းမရှိသဖြင့် အသစ်လျှောက်ထားခြင်းကို လက်မခံသေးဘဲ လျှောက်ထားဆဲသူများကိုသာ သတ်မှတ်ရက်အတွင်း ထုတ်ပေးနိုင်ရန် ထားဝယ်ရုံးကို ယာယီပိတ်ထားခြင်းဖြစ်ကြောင်း ပွဲစားအချို့ကဆိုသည်။

ယင်းပြောဆိုချက်နှင့်ပတ်သတ်ပြီး တာဝန်ရှိသူတို့ထံ အတည်ပြုမေးမြန်းနိုင်ခြင်း မရှိသေးပေ။

တိုင်းပြင်ပမှ လာရောက်လျှောက်ထားသူများမှာ ကိုယ်တိုင်‌ နိုင်ငံကူးလက်မှတ် လျှောက်လေ့မရှိဘဲ ပွဲစား( အေ‌ဂျင့်) ဖြင့်သာလျှောက်လေ့ရှိကြောင်း ထားဝယ်မြို့ခံ ပွဲစားတစ်ဦးက ပြောသည်။

“သူတို့က ( တိုင်းပြင်ပ လာရောက်လျှောက်ထားသူ) လူအများကြီးနဲ့လာတာဆိုတော့ တစ်ဦးချင်းလျှောက်လို့ အဆင်မပြေဘူးလို့ပြောတယ်။ အလုပ်ရှုပ်တာပေါ့နော်။ ဧဂျင့်နဲ့ချိတ်ပေးထားတယ်” ဟု ၎င်းကဆိုသည်။

ပုံမှန်အားဖြင့် ကိုယ်တိုင်နိုင်ငံကူးလက်မှတ်‌လျှောက်ထားရန် ကျပ်သုံးသောင်းခန့်သာ ကုန်ကျသော်လည်း ပွဲစားမှတစ်ဆင့် လျှောက်ထားပါက အနည်းဆုံး ၆၀၀၀၀ ကျပ်ကုန်ကုန်ကျကြောင်း ‌နိုင်ငံကူးလက်မှတ် လျှောက်ထားဖူးသူတစ်ဦးကပြောသည်။

တိုင်းပြင်ပမှ လာရောက်လျှောက်ထားသူတို့မူ ကျပ်သိန်းချီပေးရကြောင်း ပွဲစားအချို့က ဆိုသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူအချို့မှာ ဌာနဆိုင်ရာသို့ သွားရောက်ရန် တွန့်ဆုတ်လာပြီး နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်း၊ ဆိုင်ကယ်လိုင်စင် လျှောက်ထားခြင်းကဲ့သို့သော လုပ်ငန်းတို့တွင် ပွဲစားများကိုအားကိုးလာကြရသည်။

ဌာနဆိုင်ရာရုံးများနှင့် နီးစပ်သူ ထားဝယ်ဒေသခံအချို့လည်း ပွဲစားလောကသို့ ဝင်ရောက်လုပ်ကိုင်လာကြသည်။ နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင်လည်း ပွဲစားနှင့် ဧဂျင့်ဆိုသည် အခေါ် အဝေါ်နှစ်ခုရှိသည်။

ဧဂျင့်ဆိုသူမှာ ဌာနဆိုင်ရာရုံးနှင့် တိုက်ရိုက်ချိတ်ဆက်ရှိသူကိုဆိုလိုသည်။ ပွဲစားဆိုသည်မှာကော်မရှင်ခယူပြီး နိုင်ငံကူးလက်မှတ်လျှောက်ထားလိုသူများကို ဧဂျင့်နှင့် ချိတ်ဆက်ပေးသူကို ဆိုလိုကြောင်း ထားဝယ်ဒေသခံ ပွဲစားတစ်ဦးကရှင်းပြသည်။

ထားဝယ်မြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကို မည်သည့်အချိန်တွင် ပြန်ဖွင့်မည်ကို မသိရသေးပေ။

ရုံးပိတ်ထားချိန်အတွင်း ထားဝယ်နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှ ဝန်ထမ်းများသည် မြိတ်မြို့သို့သွားရောက်ကာ သံဃာတော်များအား နိုင်ငံကူးလက်မှတ် ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။