ဆိုင်ကယ်ဦးထုပ်မပြနိုင်၍ လမ်းဘေးရပ်ထားသည့်ဆိုင်ကယ်  ဖမ်းဆီးခံရ

0
4189

ထားဝယ်မြို့တွင် လမ်းဘေးရပ်ထားသည့်ဆိုင်ကယ်ကို စစ်ဆေးရာတွင် ဆိုင်ကယ်ဦးထုပ်မပြနိုင်၍ဟုဆိုကာ စစ်ကောင်စီတပ်လက်အောက်ခံ ရဲတပ်ဖွဲ့က ဆိုင်ကယ်သိမ်းသွားခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ရသည့် ကာယကံရှင်က ပြောသည်။

ယခုလ တတိယအပတ်က ထားဝယ်မြို့ ကမြောကင်းလမ်းမပေါ်ရှိ ဆိုင်တစ်ဆိုင်တွင် ဇနီးဖြစ်သူပစ္စည်းဝယ်နေချိန် ဆိုင်ကယ်ရပ်ပြီး ခပ်လှမ်းလှမ်းရှိ ပလက်ဖောင်းပေါ်ရပ်စောင့်နေခဲ့ကြောင်း အဆိုပါ ကာယကံရှင် အမျိုးသားက ဆိုသည်။

ထိုသို့ ရပ်စောင့်နေချိန်တွင် ဆိုင်ကယ်အနီးသို့ ရဲကားတစ်စီးရောက်လာပြီး ဆိုင်ကယ်ပိုင်ရှင်အား မေးမြန်းခဲ့ကြောင်း ၎င်းက ပြောသည်။

ယင်းနောက် ဆိုင်ကယ်ပိုင်ရှင်ဖြစ်သည့် ၎င်းတွင် ဆိုင်ကယ်စီးဦးထုပ်မပါသည့်အတွက်ကြောင့်ဆိုကာ ဆိုင်ကယ်အား ကားပေါ်တင်ပြီး ဖမ်းဆီးသွားခဲ့သည်ဟု ဆိုသည်။

“မောင်းနေတာမဟုတ်ဘဲ ရပ်နေတာလို့ ပြောတာတောင်မရဘူး။ ဆိုးတာကတော့ တော်တော်ဆိုးနေတယ်”ဟု အထက်ပါ အမျိုးသားက ပြောသည်။

ယင်းဖြစ်စဉ်တွင် ဒဏ်ငွေသုံးသောင်းပေးဆောင်ပြီးမှ ဆိုင်ကယ်ကို ပြန်ပေးခဲ့ကြောင်း ၎င်းက ဆိုသည်။

ဝဲကျွန်းရပ်ကွက်ရှိ ရေးလမ်းမပေါ်တွင်လည်း နေအိမ်အတွင်းမှ ဆိုင်ကယ်တွန်းထုတ်နေစဉ် ရဲကားရောက်လာပြီး ဆိုင်ကယ်ဦးထုပ် မဆောင်းသည့်အတွက်ဆိုကာ ဆိုင်ကယ်ကို ကားပေါ်တင်သွားသည်ကို မြင်လိုက်ရသည်ဟု အခြားအမျိုးသားတစ်ဦးက ဆိုသည်။

ယင်းဖြစ်စဉ်မှာ ဝဲကျွန်းရပ်ကွက်တွင်လည်း ယခုလလယ်ကပင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဖမ်းဆီးခံရသူများမှာ တရားရုံးတွင် ဒဏ်‌ကြေးဆောင်ရသူများရှိသကဲ့သို့ တရားရုံးမတင်ဘဲ နားလည်မှုဖြင့် ဒဏ်ငွေဆောင်ခဲ့ရသူများလည်း ရှိနေသည်။

ထားဝယ်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကားဖြင့်လှည့်နေပြီး စည်းကမ်းမလိုက်နာသည့်အတွက်ဟု ဆိုကာ ဖမ်းဆီးမှုများ ခပ်စိပ်စိပ်ဖြစ်နေကြောင်း ဒေသခံအချို့က ဆိုသည်။

“နေရာတိုင်းကို ကားနဲ့လှည့်ဖမ်းနေတာ။ ဟိုနေရာခဏ ဒီနေရာခဏဖမ်းတာ”ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်လကလည်း ထားဝယ်မြို့ ဉတ္တံားကြီးလမ်းဆုံ၌ ဆိုင်ကယ်စီးရာတွင် ဖိနပ်မပါသည့်အတွက်ဆိုကာ စစ်သားက ဖမ်းဆီးငွေတောင်းသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။