မြိတ်တွင် ကျပ်တစ်သိန်းကျော်အထိ စံချိန်တင်ဈေးမြင့်ခဲ့သည့် စားအုန်းဆီဈေး ဆက်တိုက်ကျဆင်း

0
5161

မြိတ်မြို့ရှိ အခြေခံစားသောက်ကုန်ဈေးကွက်တွင် အမြင့်ဆုံးဈေးနှုန်း ကျပ်တစ်သိန်းကျော်ဖြင့် စံချိန်တင်ခဲ့သည့် စားအုန်းဆီဈေး ဆက်တိုက်ကျဆင်းလာနေကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

ဩဂုတ်လအတွင်းက စားအုံးဆီ (ပုံးဝါ) ဆယ်ပိဿာပါ တစ်ပုံးလျှင် တစ်သိန်းတစ်သောင်းအထိမြင့်တက်ခဲ့ပြီးနောက် လက်ရှိတွင် ၆၃၀၀၀ ကျပ်အထိ ဈေးကျဆင်းလာကြောင်း ကုန်စုံအရောင်းဆိုင်အချို့ထံမှ သိရသည်။

“ဈေးကျတော့ တချို့ဆိုင်တွေဆို မရောင်းပေးကြတော့ဘူး။ သိုထားကြတာ” ဟု ထမင်းဟင်းရောင်းဆိုင်ရှင်တစ်ဦးက ပြောသည်။

ဆယ်ပိဿာပါ စားအုံးဆီ (ပုံးဝါ) အား ထမင်းဟင်းအရောင်းဆိုင်များ၊ စားသောက်ဆိုင်တို့တွင် အများဆုံး အသုံးပြုလေ့ရှိကြသည်။

စားအုံးဆီဈေးနှုန်း တစ်သိန်းတစ်သောင်းကျပ်မှ ၉၃၀၀၀ ကျပ်၊ ၈၉၀၀၀ ကျပ်၊ ၈၆၀၀၀ ကျပ်၊ ၇၁၅၀၀ ကျပ်အထိ ဈေးကျဆင်းခဲ့ပြီး အောက်တိုဘာလ ၅ ရက်နေ့တွင် ၆၃၀၀၀ ကျပ်သာ ကျန်ရှိခဲ့ကြောင်း ကုန်စုံဆိုင်ရှင်တချို့က ပြောပြသည်။

“ဈေးတက်တုန်းက ဝယ်ထားတာကိုး။ အခုဈေးကျတော့ ရောင်းမကိုက်လို့ ခဏစောင့်ကြည့်နေတဲ့ သဘောပါ” ဟု ကန်ဖျားရပ်ရှိ ကုန်စုံဆိုင်ရှင်တစ်ဦးက ပြောသည်။

နိုင်ငံခြားငွေလဲဈေးနှုန်း ကျဆင်းလာနေသဖြင့် စာအုန်းဆီဈေးနှုန်းများ ကျဆင်းလာရခြင်းဖြစ်ကြောင်း ကုန်စုံဆိုင်ရှင်အချို့က ပြောဆိုသည်။

“ဒေါ်လာဈေး၊ ဘတ်ဈေးတွေ ပြန်ကျနေတာကိုး ဆီမှ မဟုတ်ပါဘူး။ ကုန်ဈေးနှုန်းတော်တော်များက ငွေလဲဈေးအပေါ် မူတည်တာ။ ဆီဆိုရင် နိုင်ငံခြားကပဲ တင်သွင်းနေရတယ်” ဟု အထက်ပါကုန်စုံဆိုင်ရှင်က ပြောသည်။

ယခင်က ဆယ်ပိဿာပါ စားအုံးဆီ (ပုံးဝါ) တစ်ပုံးလျှင် ၃၈၀၀၀ မှ ၄၅၀၀၀ ကျပ်အတွင်းသာ ရှိခဲ့ရာမှ နိုင်ငံခြားငွေလဲ ဈေးနှုန်း အဆမတန်မြင့်တက်ခဲ့ကာ မြန်မာငွေတန်ဖိုးထိုးကျချိန်မှစပြီး တစ်ပုံးလျှင် ၁၁၀၀၀၀ ကျပ်အထိ စံချိန်တင် မြင့်တက်ခဲ့ခြင်းဖြစ်သည်။

“ဆီဈေးတက်ကတည်းက ဝယ်မရောင်းဖြစ်ဘူး။ ဈေးမငြိမ်ရင် အရှုံးပေါ်လို့ မရောင်းတာ။ တချို့က ဈေးကျတုန်း ဝယ်ထားပြီး တက်တဲ့အချိန်မှ ပြန်ရောင်းကြတယ်” ဟု မြို့သစ်ရပ်ရှိ ကုန်စုံဆိုင်ရှင်တစ်ဦးက ပြောသည်။

ထို့အပြင် ထိုင်းနိုင်ငံမှ တင်သွင်းသည့် ပဲလုံးဆီတစ်လီတာ တစ်‌ဗူးလျှင် ၆၅၀၀ ကျပ်မှ ၅၅၀၀ ကျပ်အထိ ဈေးကျဆင်းလာနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။