ထားဝယ်တွင် ဖိနပ်မစီးဘဲ ဆိုင်ကယ်မောင်းသည်ဟုဆိုကာ ဒဏ်ရိုက်

0
2638

ထားဝယ်မြို့တွင် ဖိနပ်မစီးဘဲ ဆိုင်ကယ်မောင်းသည်ဟုဆိုကာ စစ်ကောင်စီတပ်သားက ဒဏ်ရိုက်ခဲ့ကြောင်း ကိုယ်တိုင်ကြုံခဲ့ရသည့် အမျိုးသားတစ်ဦးက ပြောသည်။

စက်တင်ဘာလ ၂၈ ရက် ညနေက ဆိုင်ကယ်ဖြင့် လမ်းထွက်လာစဉ် ဖိနပ်ပြတ်သွားသည့်အတွက် ထားဝယ်မြို့ ဥတ္တံားကြီးလမ်းဆုံရှိ စတိုးဆိုင်တွင် ဖိနပ်ဝယ်ရန် သွားခဲ့ကြောင်း အထက်ပါ အမျိုးသားက ဆိုသည်။

ထိုအချိန်တွင် ဥတ္တံားကြီးလမ်းဆုံ၌ စစ်ကောင်စီတပ်သားနှစ်ဦးရှိနေပြီး ၎င်းအား ဆိုင်ကယ်လိုင်စင်၊ မောင်းလိုင်စင် အပါအဝင် ဆိုင်ကယ်နှင့် ပတ်သက်သည့် အချက်အလက်များကို စစ်ဆေးခဲ့သည်ဟု ပြောဆိုသည်။

အဆိုပါ အချက်အလက်များ ပြည့်စုံနေချိန်တွင် ဖိနပ်မစီးသည့်အတွက်ဆိုကာ ရဲစခန်းခေါ်သွားမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“အပြင်ထွက်ရင် ဖိနပ်မစီးတတ်ဘူးလားလို့ မေးတယ်။ ကျွန်တော်က ပြန်ရှင်းပြပါတယ်။ လမ်းမှာပြတ်သွားလို့ အခုလာဝယ်တာပါဆိုပြီး။ မရဘူးတဲ့ စခန်းလိုက်တဲ့” ဟု အဆိုပါအမျိုးသားက ပြောသည်။

ရဲစခန်း မလိုက်လိုပါက ဒဏ်ငွေ ကျပ်တစ်သောင်းခွဲဆောင်ရမည်ဟု အကျပ်ကိုင်သည့်အတွက် ၎င်းတွင်ပါသည့် ငွေကျပ်တစ်သောင်းကို ပေးခဲ့ရကြောင်း ၎င်းက ဆိုသည်။

တနင်္သာရီတိုင်း၏ မြို့တော် ထားဝယ်တွင် ဆိုင်ကယ်စီးသူများကို တင်းတင်းကြပ်ကြပ်စစ်ဆေးနေပြီး ဂါဝန်ဝတ်ပြီး စီးခြင်း၊ နောက်ခြေနင်းတုံးချစီးခြင်းများကိုပင် ဖမ်းဆီးဒဏ်ရိုက်နေကြောင်း ဒေသခံများထံမှ သိရသည်။

စီးပွားရေး ကျပ်တည်းနေသည့်ကာလတွင် ယင်းကဲ့သို့ အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးနေသည့်အပေါ် ဒေသခံများအကြား ပြောဆိုဝေဖန်မှု မြင့်တက်နေသည်။