ဆိုင်ကယ်အပိုပစ္စည်းဈေးကြီးသဖြင့် အရည်အသွေးနိမ့်ပစ္စည်းဝယ်သူပိုများလာဟုဆို

0
4202

ထားဝယ်ဈေးကွက်ထဲတွင် ဆိုင်ကယ်အပိုပစ္စည်း ဈေးကြီးမြင့်နေသဖြင့် ဈေးနည်းပြီး အရည်အသွေးနိမ့်ပစ္စည်း ရွေးချယ်ဝယ်ယူသူ ပိုများလာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာတွင် မြန်မာကျပ်ငွေတန်ဖိုး သိသိသာသာကျဆင်းသွားပြီး ကုန်ဈေးနှုန်း မြင့်မားလာမှုနှင့်အတူ ဆိုင်ကယ်အပိုပစ္စည်းဈေးနှုန်းလည်း ထိုးတက်သွားခဲ့ကြောင်း ထားဝယ်ဒေသရှိ ဆိုင်ကယ်ပြင်ဆိုင်၊ ဆိုင်ကယ် အပိုပစ္စည်းအရောင်းဆိုင်ပိုင်ရှင်အချို့က ဆိုသည်။

“ဆိုင်ကယ် ပြင်တော့မယ်ဆိုပြီး ဆိုင်လာရင် ပရုပ်ဆီဗူးပါ ယူလာခိုင်းမရလိုဖြစ်နေပြီ။ ဈေးမေးပြီးရင် (ခေါင်းမူးရင်) ရှူလို့ရအောင်” ဟု ထားဝယ်ဒေသခံ ဆိုင်ကယ်ပြင်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံထုတ် အကောင်းစား တာယာတစ်စုံလျှင် အာဏာမသိမ်းမီက ကျပ်ငါးကျော်သာရှိသော်လည်း ယခုနှစ် ဇွန်လခန့်တွင် ကျပ်ရှစ်သောင်းခွဲဝန်းကျင်သို့ မြင့်တက်သွားခဲ့ပြီး လက်ရှိတွင်မူ ကျပ်တစ်သိန်းငါးသောင်းဝန်းကျင် ရှိနေပြီဖြစ်ကြောင်း ဆိုင်ကယ်အပိုပစ္စည်းအရောင်းဆိုင်ပိုင်ရှင်အချို့က ဆိုသည်။

အင်ဂျင်ဝိုင်၊ ဘရိတ် စသည်တို့မှာလည်း အလားတူ‌ ဈေးမြင့်တက်လျှက်ရှိသည်။

“(ထိုင်းထုတ်) Click တစ်စီးအတွက် တာယာတစ်စုံစာဆို တစ်သိန်းခွဲနား ကပ်နေပြီ။ အကောင်းဆုံးအစားကို ပြောတာ နော်။ အနောက်ဘီးက ၇၄၀၀၀(ကျပ်)ဗျာ။ အရှေ့ဘီးက ၅၅၀၀၀(ကျပ်)။ ပြောမယ်ဆိုရင် အများကြီးပဲပေါ့။ (တာယာ ကို) ဥပမာအနေနဲ့ ပြောပြတာပါ” ဟု ထားဝယ်မြို့ရှိ ဆိုင်ကယ်အပိုပစ္စည်း အရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

ထားဝယ်ဒေသအပါအဝင် တနင်္သာရီတစ်တိုင်းလုံးတွင် ထိုင်းနိုင်ငံထုတ် ဆိုင်ကယ်များကိုသာ သုံးစွဲကြပြီး အပိုပစ္စည်း ကိုလည်း ထိုင်းနိုင်ငံထုတ် အရည်အသွေးကောင်း ပစ္စည်းများကိုသာ သုံးစွဲလေ့ရှိသည်။ လက်ရှိတွင်မှု တရုတ်နှင့် ထိုင်းထုတ် အရည်အသွေးနိမ့်ပစ္စည်းများကို သုံးလာကြကြောင်း စုံစမ်းသိရသည်။

“လူတွေက အရင်ကလည်းဝယ်ဖူးတော့ အဲဒီဈေးလောက်ပဲ ခန့်မှန်းပြီး လာကြတယ်။ ဒီကိုရောက်မှ ဒီဈေး ဒီဈေးလို့ ပြောလိုက်ရင် အံ့ဩပြီးတော့ ပိုက်ဆံမလောက်လို့ ဈေးပေါတဲ့ ပစ္စည်းပဲဝယ်သွားကြတယ်။ အရင်ကဆို အဲဒီ (ပိုက်ဆံ) လောက်နဲ့ဆို အကောင်းစားဝယ်လို့ရနေပြီ” ဟု အထက်ပါ အပိုပစ္စည်းအရောင်းဆိုင်ပိုင်ရှင်က ဆိုသည်။

ယင်းကဲ့သို့‌ ဈေးနှုန်းမြင့်တက်နေသော်လည်း ဆိုင်ကယ်အပိုပစ္စည်း အရောင်းအဝယ်မှာမူ ပုံမှန်အတိုင်းရှိနေ‌ကြောင်း ဆိုသည်။

အထူးသဖြင့် ဈေးကြီးပြီး အရည်အသွေးကောင်းပစ္စည်းထက်ဈေးနည်းပြီး အရည်သွေးနိမ့်ပစ္စည်းများ အရောင်းအဝယ် ပိုဖြစ်ကြောင်း ဆိုင်ကယ်ဈေးကွက်အတွင်းမှ သိရသည်။

“စီးနေတဲ့ဆိုင်ကယ်က ပျက်ရင်ပြင်ရတာပဲလေ။ မပြင်ပဲထားလို့မှ မရတာ။ ကျွန်တော်ကတော့ ပြင်ပြီး စီးလို့ရသေး တယ်ဆို အတတ်နိုင်ဆုံး ပြင်ပေးတယ်။ ဆိုင်မှာလည်း မှာထားတယ်။ ဆိုင်ကယ်ပစ္စည်းတွေ ဈေးအရမ်းကြီးတယ်။ အတတ်နိုင်ဆုံး ပြင်လို့ရတာဆိုရင် ပြင်ပေးလိုက်။ မဖြစ်မနေ လဲရမယ်ဆိုမှ လဲပေးဖို့ မှာထားတယ်” ဟု လောင်းလုံးဒေသခံ ဆိုင်ကယ်ပြင်ဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

ထားဝယ်ဒေသ၏ ခရီးသွားလာရေးတွင် ဆိုင်ကယ်ကို အများဆုံးအသုံးပြုကြပြီး လူတစ်‌ဦး ဆိုင်ကယ်တစ်စီးနှုန်းနီးပါး ပိုင်ဆိုင်လေ့ရှိသည်။