တနင်္သာရီပြောက်ကျားအဖွဲ့မှ ဖမ်းဆီးရမိသည့် မူးယစ်ဆေးများ မီးရှို့ဖျက်ဆီး

0
3876
ဓါတ်ပုံ - တနင်္သာရီပြည်သူ့ကာကွယ်ရေးပြောက်ကျားအဖွဲ့ / ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ

မြိတ်ခရိုင်၊ တနင်္သာရီအခြေစိုက် ပြည်သူ့ကာကွယ်ရေး ပြောက်ကျားအဖွဲ့မှ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ချက်နှင့် ဒေသခံများထံမှသိရသည်။

တနင်္သာရီမြို့နယ်၊ လယ်သစ်မြစ်ဝတွင် စက်တင်ဘာလ ၂၇ ရက်နေ့က ဖမ်းဆီးရမိသည့် WY စိတ်ကြွဆေးပြား ၆၀၀ ကျော်နှင့် တနင်္သာရီတံတား စစ်ဆေးရေးဂိတ်မှ ဖြတ်ကျော်လာသည့် စစ်လှေအတွင်းရှိ ဘိန်းစာမုန့်အထုပ် ၂၀၀၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု တနင်္သာရီ ပြည်သူ့ကာကွယ်ရေးပြောက်ကျားအဖွဲ့၏ ယနေ့ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

သို့သော် မူးယစ်ဆေးသယ်ဆောင်လာသည့် စက်လှေနှင့်လူများအား မည်သို့အပြစ်ပေး ဆောင်ရွက်ခဲ့သည်ကိုမူ ထုတ်ပြန်ချက်တွင် မပါရှိပေ။

“မနေ့က သရဖုံရွာနားမှာ ဖမ်းမိတယ်လို့ကြားရတယ်။ ဆေးသယ်လာသူက ပင်လယ်ရွာဖက်ကလို့ အဲလိုကြားရတယ်။ ကျွန်တော်တို့လည်း အသေးစိတ်မသိဘူး”ဟု လယ်သစ်ရွာနေ ဒေသခံအမျိုးသား ကပြောသည်။

ပြီးခဲ့သည့် မေလအတွင်းကလည်း လယ်သစ်ရွာအနီး ဘိန်းစာမုန့်သယ်ဆောင်လာသည့် လှေတစ်စီးအားဖမ်းဆီးကာ လှေပေါ်ပါလာသည့် ဘိန်းစာမုန့် တစ်သောင်းကျော်အား မီးရှို့ဖျက်ဆီးခဲ့သေးသည်။