လောင်းလုံး ကျောက်ဆင်ရွာသားတစ်ဦး ပစ်သတ်ခံရ

0
4619

လောင်းလုံးမြို့နယ် ကျောက်ဆင်ရွာတွင် ယ‌မန့်နေ့ (စက်တင်ဘာ ၂၇ ) ညနေပိုင်းက အသက်လေးဆယ်ဝန်းကျင်အရွယ်ရှိ အမျိုးသားတစ်ဦး ပစ်သတ်ခံရသည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

ပစ်သတ်ခံရသူမှာ ယင်းကျေးရွာသား ကိုဆန်းမင်းဦး ဆိုသူဖြစ်ကြောင်း ဒေသခံများကဆိုသည်။

ယင်း‌နေ့ ညနေ သုံးနာရီခန့်တွင် လက်နက်ကိုင် လူတစ်စုက ထိုအမျိုးသား၏နေအိမ် သို့ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ရာ ထိုအမျိုးသားမှာ ထွက်ပြေးသွားသဖြင့် ထပ်မံလိုက်လံပစ်ခတ်ရာတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“ဖြစ်ဖြစ်ချင်း အလောင်းကို ဘယ်သူမှ သွားမကောက်ရဲဘူး။ ညနေ ခြောက်နာရီကျော်လောက်မှ အရေးပေါ်ကား လာသယ်သွားတယ်”ဟု ၎င်းကပြောသည်။

အဆိုပါအမျိုးသားကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) က ရှင်းလင်းခဲ့သည့်ဟု ယင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

သေဆုံးသူအမျိုးသားမှာ  ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ဖြစ်ပြီး ၎င်းတွင်အမွှာ ညီတစ်ဦးရှိသည်ဟု ဒေသခံတစ်ဦးကပြောသည်။

“သူကတော့ နာမည်မထွက်ဘူး သူညီကတော့ နာမည်ထွက်တယ်။ သူကရွာကနေ ပျောက်သွားလိုက် ပြန်လာလိုက်ပဲ အရင်က  ထားဝယ်-ကျောက်ဆင် ခရီးသည်တင်ကား မောင်းတယ်။ သူတို့တွေကတော့ ပြည်ခိုင်ဖြိုးပါတီဝင်တွေ”ဟု ၎င်းကပြောသည်။

သေဆုံးသူအမျိုးသားမှာ သဘော့ဆိပ်ပျူစောထီးအဖွဲ့ ခေါင်းဆောင် ဦးလေးလေး၏ တပည့် ဖြစ်ကြောင်း၊ ကိုဆန်းမင်းဦး၏သားမက်ဖြစ်သူမှာ စစ်သားတစ်ဦးဖြစ်ကာ သားမက်ဖြစ်သူ၏ ၁၀၄ တပ်ရင်းအတွင်း နေထိုင်၍ ပျူစောထီးအဖွဲ့ဝင်များကို သင်တန်းပေးခြင်း၊ သင်တန်းယူခြင်းများ ပြုလုပ်နေသည်ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

သို့သော် ယင်းအမျိူးသားသေဆုံးချိန်တွင် ဇနီးနှင့် ခြောက်နှစ်ခန့်အရွယ် သမီးတစ်ဦး ကျန်ခဲ့ကြောင်း၊ အိမ်ထောင်ပြုထားသည်မှာ ၆ နှစ်ကျော်သာ ရှိသေးသည်ဟု ဒေသခံများကဆိုသည်။

ယင်းအမျိုးသားကို ယနေ့နေ့လယ်ပိုင်တွင်း ယင်းကျေးရွာသုသာန်၌ သင်္ဂြိုဟ်လိုက်သည်ဟု သိရသည်။

ကျောက်ဆင်ကျေးရွာအုပ်စုသည် လောင်းလုံးမြို့နယ်ရှိ ကျေးရွာကြီးတစ်ရွာဖြစ်ပြီး ကျောက်ဆင်၊သဘော့ဆိပ်၊ ပြင်ကြီး၊ကရင်ကြီး၊ ကမ်းပနီ ဟူသည့် ကျေးရွာငါးရွာဖြင့် ဖွဲ့စည်းထားပြီး ထားဝယ်မျှော်ရစ်ဘုရားသွား ကားလမ်းမ ပေါ်တွင်တည်ရှိသည်။