သေကြောင်းကြံမှုများ ဆက်တိုက်ဖြစ်လာ၊ မြိတ်ကမ်းစပ်တွင် သေကြောင်းကြံသူကို ကယ်တင်နိုင်ခဲ့

0
4012
ဓါတ်ပုံ - မြိတ်ခရိုင်အရေးပေါ် နာရေးကူညီမှုအသင်းချုပ်

မြိတ်မြို့ ပင်လယ်ကမ်းစပ်တွင် သေကြောင်းကြံစည်ရန် အားထုတ်နေသူတစ်ဦးအား ကယ်တင်နိုင်ခဲ့ကြောင်း မြိတ်ခရိုင် အရေးပေါ်လူနာတင်ယာဉ်များအသင်းချုပ်ထံမှ သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် အထွေထွေအကျပ်အတည်းများ ဖြစ်ပေါ်လာမှုနှင့်အတူ ကိုယ့်ကိုယ်ကိုသေကြောင်းကြံမှုများ ဆက်တိုက်ဖြစ်ပေါ်နေပြီး အများစုမှာ ရေထဲခုန်ချသတ်သေမှုနှင့် ကြိုးဆွဲချသေဆုံးမှုများ ပြုလုပ်လာကြောင်း တွေ့ရသည်။

စက်တင်ဘာလ ၂၂ ရက်နေ့ ညနေ ၄ နာရီခွဲခန့်တွင် ပြည်သူတစ်ဦးရေထဲ၌ ရပ်နေသည်မှာ ကြာမြင့်နေပြီဟု ဖုန်းဆက်အသိပေးလာသည့်အတွက် သွားရောက် ချော့မော့နားချကာ နေရပ်သို့ပြန်လည်ပို့ပေးခဲ့ရကြောင်း ယင်းအသင်းချုပ်မှ တာဝန်ရှိသူက ပြောသည်။

“ဒီအတိုင်းလွှတ်ထားရင် ရေတက်လာရင် သေသွားနိုင်တယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါအမျိုးသားသည် မွန်းလွဲ ၁ နာရီခန့်မှ စတင်ကာ ရပ်နေခြင်းဖြစ်ပြီး လှေငယ်ဖြင့်သွားရောက် ခေါ်ဆောင်ချိန်တွင် ပင်လယ်ဒီရေမှာ ခါးလောက် ရောက်နေပြီဖြစ်ကြောင်း မျက်မြင်တစ်ဦးက ပြောသည်။

သွားရောက်ကယ်ဆယ်ခဲ့သည့်အဖွဲ့မှ တာဝန်ရှိသူကမူ “လူက အသက် ၃၀ ကျော်လောက်ရှိပြီ။ ပုံစံကြည့်ရတာ မူးယစ်ဆေးသုံးစွဲပြီး ကြောင်နေ (အသိစိတ်လွတ်နေ)တဲ့ ပုံစံတွေ့ရတယ်” ဟု ပြောဆိုသည်။

ယင်းနောက် ၎င်းနေထိုင်ရာ ရွှေပြည်တန်ရပ်ကွက်ရှိ နေအိမ်သို့ သွားရောက်ပို့ဆောင်ပေးခဲ့ကြောင်း တာဝန်ရှိသူက ဆိုသည်။

ကယ်ဆယ်ရာတွင် မြိတ်မြို့နယ် ဗဟိုမီးသတ်ဦးစီးဌာနနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း အသင်းချုပ်ထံမှ သိရသည်။

ယနေ့ နံနက် ၇ နာရီခန့်ကလည်း မြိတ်မြို့ တရုတ်တန်းရပ်ကွက်တွင် အသက် ၂၀ ဝန်းကျင်အရွယ် လူငယ်တစ်ဦး ကြိုးဆွဲချသေဆုံးကြောင်း ဂရုဏာနာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါလူငယ်၏ ရုပ်အလောင်းကို မြိတ်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ၎င်းက ဆိုသည်။

ဩဂုတ်လ အတွင်းတွင်လည်း ကြိုးဆွဲချသတ်သေသည့် ဖြစ်ရပ်အချို့ရှိခဲ့ကြောင်း နာရေးကူညီမှုအသင်းများထံမှ သိရသည်။