လေးပတ်ဆက်ဈေးတက်ခဲ့သည့်ကြက်သွန် ဈေးပြန်ကျ

0
4193
Onion

ထားဝယ်တွင် ဩဂုတ်လ ၁၉ ရက်နေ့ကစပြီး စက်တင်ဘာလ ၉ ရက်နေ့အထိ လေးပတ်ဆက်တိုက် ဈေးတက်ခဲ့သည့် ကြက်သွန်နီဈေးမှာ စက်တင်ဘာ ၁၆ ရက်နေ့ကစပြီး ပြန်လည်ကျဆင်းကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ဩဂုတ်လ ၁၉ ရက်က ထားဝယ် လက်လီလက်ကားဈေးကွက်တွင် ကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ် သုံးထောင် ကျော်မှစ၍ ဈေးတက်လာရာ စက်တင်ဘာလ ၉ ရက်နေ့တွင် ကြက်သွန်နီ တစ်ပိဿာဈေးမှာ လေးထောင်ငါးရာကျပ်အထိ ဖြစ်လာခဲ့သည်။

လေးပတ်ဆက်တိုက် ဈေးတက်သည့် ကြက်သွန်နီဈေးသည် ထားဝယ်ဈေးကွက်တွင် စက်တင်ဘာလ ၁၆ ရက်နေ့မှစ၍ တစ်ပိဿာ လေးထောင်ခန့်မှ စက်တင်ဘာ ၂၃ ရက်နေ့တွင် တစ်ပိဿာ ၃၅၀၀ ကျပ်အထိ ဈေးပြန်ကျလာခဲ့ကြောင်း ထားဝယ်မြို့ရှိ ကုန်ခြောက် လက်လီလက်ကားဈေးရောင်းချသူတစ်ဦးက ပြောသည်။

“ဈေးကျလာတာကတော့ တရုတ်ကြက်သွန် ပြည်တွင်းကို ဝင်လာတာကြောင့်ပါ” ဟု ၎င်းက ဆိုသည်။

တောင်သူများတွင် ကြည်သွန်ပြတ်ချိန် ပြည်တွင်းကြက်သွန်ဈေး ထိုးတက်သွားသော်လည်း ပြီးခဲ့သည့် စက်တင်ဘာ လဆန်းလောက်ကစပြီး တရုတ်ကြက်သွန် ပြည်တွင်းဈေးကွက်အတွင်းသို့ တစ်ပိဿာ ၂၈၀၀ ကျပ် ဝန်းကျင်ဖြင့် ဝင်လာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ထို့‌ကြောင့် ရန်ကုန်ဈေးကွက်တွင် တစ်ပိဿာ ၃၇၀၀ ကျပ်ခန့်မှ ၃၀၀၀ ကျပ်အထိ ကျဆင်းလာကာ ထားဝယ်ဈေးကွက်တွင် တစ်ပိဿာ ၄၅၀၀ ကျပ်မှ ၄၀၀၀ ကျပ်အထိသို့ ကျဆင်းသွားခဲ့ကြောင်း ကုန်ခြောက်ဆိုင်ပိုင်ရှင်နောက်တစ်ဦးက ပြောသည်။

“ပြည်တွင်း ပြတ်ခါနီး ပြည်ပကဝင်လာတော့ ဒီလိုပဲ ကုန်သည်တွေက ထိန်းထားလို့မရဘူးလေ။ ထုတ်ရောင်း ရတာပေါ့။ အဲဒါကြောင့် ဈေးကျတာပါ” ဟု ကုန်ခြောက် လက်လီလက်ကားဈေးရောင်းချသူတစ်ဦးက ပြောသည်။

သို့သော်လည်း တရုတ်ကြက်သွန်မှာ အလုံးကြီးပြီး အခွံထူကာ အရသာ ပေါ့သည့်အတွက်ကြောင့် လူကြိုက်နည်းသည်ဟု အထက်ပါဈေးကွက်ထံမှ သိရသည်။

ဇူလိုင်လလယ်တွင် ကြက်သွန်နီ တစ်ပိဿာကို ကျပ် ၂၀၀၀ကျော်ဖြင့်သာ ပေးဝယ်နေရာမှ ဩဂုတ်လ နှင့် စက်တင်ဘာလလယ်အထိ ဈေးတက်သွားသည့် ကြက်သွန်မှာ

ပြီးခဲ့သည့် သုံးရက်ခန့်မှစတင်ကာ ကြက်သွန်ဈေးပြန်ကျလာပြီး တစ်ပိဿာ သုံးထောင်ငါးကျပ်သာ ရှိတော့ကြောင်း လောင်းလုံးမြို့နယ်ရှိ အိမ်ရှင်မ တစ်ဦးက ပြောသည်။

“ကျွန်မ မနေ့က ထားဝယ်သွားလို့ ဝယ်ခဲ့သေးတယ်။ သူများဝယ်လို့ကိုယ်လည်း တစ်ပိဿာ ဝယ်လာလိုက်တယ်။ တစ်ပိဿာ သုံးထောင့်ငါးရာပဲ ကျန်တော့တယ်” ဟု ၎င်းက ဆိုသည်။

သို့သော် ဇူလိုင်လလယ်တွင် တစ်ပိဿာ ကျပ်နှစ်ထောင်ကျော်သာ ရှိခဲ့သည်ဟု ၎င်းက ပြောဆိုသည်။

ပြည်တွင်းကုန်သည်များက လာမယ့် ပွင့်လင်းရာသီတွင် ကြက်သွန်ဈေး ပြန်လည်မြင့်တက်လာနိုင်သည်ဟု ခန့်မှန်း နေကြပြီး ထားဝယ်ဈေးကွက်တွင်လည်း ယခုနှစ်ပွင့်လင်းရာသီတွင် အလှူအတန်းများ လုပ်ဆောင်ရန်စီစဉ်နေကြ သဖြင့် ကြက်သွန် အပါအဝင် ငါးခြောက်ဈေးတို့မှာ အတက်ဘက်သို့ ရောက်လာနိုင်ကြောင်း ကုန်ခြောက် ရောင်းချသူတို့က ပြောဆိုကြသည်။