ထားဝယ်တွင် အလှူဖိတ်စာရိုက်သူ ယခင်နှစ်ထက်ပိုများလာ

0
4675

ထားဝယ်တွင် ယခုနှစ်ကထိန်ရာသီနီးလာချိန်တွင် အလှူဖိတ်စာရိုက်သူ အရေအတွက်မှာ ယမန်နှစ်ကထက်ပိုများလာသည်ဟု ဖိတ်စာ လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

ယမန်နှစ်များက ကိုဗစ်နှင့် နိုင်ငံရေးအခြေအနေများကြောင့် အလှူဖိတ်စာရိုက်သူမရှိသလောက်နည်းပါးခဲ့ပြီး ယခုနှစ်တွင်မူ ကိုဗစ်မတိုင်မီက ရိုက်ရသည့် စံချိန်ကို ပြန်ရောက်တော့မည်ဟု ယင်းလုပ်ငန်းရှင်တစ်ဦးကပြောသည်။

“မနှစ်ကဆို ဆယ်ဂဏန်းလောက်ပဲရှိမယ် တစ်နှစ်လုံးမှာ အခုကတော့ နှစ်ဆယ်ကျော်နေပြီ နောက်ထပ်လာဖို့လည်းရှိသေးတယ်”ဟု ၎င်းကပြောသည်။

လောင်းလုံးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ယမန်နှစ်က ကထိန်အလှူ နှစ်ခုသာရှိသော်လည်း ယခုနှစ်တွင်မူ ဆယ့်သုံးခုအထိရှိလာခဲ့သည်ဟု ယင်းကျေးရွာသူတစ်ဦးကပြောသည်။

“မနှစ်ကမလုပ်ရတဲ့သူနဲ့ အခုနှစ်မှလုပ်တဲ့သူ ပေါင်းလိုက်တော ဒီနှစ် ပိုများသွားတယ်”ဟုသူမကပြောသည်။

သို့သော် ဖိတ်စာရိုက်ရန် အပ်နှံသူများလာသော်လည်း ဖိတ်စာရိုက်ရသည့် အရေအတွက်မှာ နည်းပါးသည်ဟုအထက်ပါလုပ်ငန်းရှင်များကဆိုသည်။

“အရင်ကအလှူတစ်ခု ဖိတ်စာလာအပ်ရင် (ဖိတ်စာအရွက်)တစ်ထောင့်ငါးရာနဲ့ နှစ်ထောင်ကျော်ကြားရှိတယ်။ အခုက လေးရာ နဲ့ ရှစ်ရာ ကြားအများဆုံးပဲ”ဟု၎င်းတို့ကပြောသည်။

အလှူလုပ်ရန် ပြင်ဆင်နေသူများလာချိန်တွင် ကိုဗစ်နိုင်တင်း ကူးစက်ရောဂါမှာလည်း တနင်္သာရီတိုင်းတွင် ပြန်ဖြစ်လာနေကြောင်း တွေ့ရသည်။

ထားဝယ်နှင့်လောင်းလုံးတွင် စက်တင်ဘာ ၁၄ ရက်မှ ၂၁ ရက်နေ့အထိ တစ်ပတ်အတွင်း ကိုဗစ်ပိုးတွေ့သူ ၁၃ ဦးခန့်ထိရှိကြောင်း တနင်္သာရီတိုင်း ကျန်းမာရေးဦးစီးဌာန၏ အချက်အလက်များအရသိရသည်။

ပိုးတွေသူများမှာ ထားဝယ်မြို့နယ်မှ ဆယ်နှစ်ဦးနှင့် လောင်းလုံးမြို့နယ်မှ တစ်ဦးတို့ ဖြစ်သည်။

ထားဝယ်ဒေသတွင် သီတင်းကျွတ်လပြည့်နေ့မှစပြီး တန်ဆောင်မုန်းလပြည့်နေ့အထိ ကထိန်ရာသီအဖြစ်သတ်မှတ်ပြီး ကျေးရွာအလိုက် ဘုံကထိန်ပွဲများနှင့် တစ်ဦးချင်းကထိန်ခင်းအလှူပွဲများကို တစ်လတာအတွင်း ကျင်းပလေ့ရှိသည်။

သို့သော် ယမန်နှစ်ကမူဒေသအတွင်း ကိုဗစ်‌ေရာဂါဖြစ်ပွား‌နေမှုနှင့် နိုင်ငံရေးအခြေအနေများကြောင့်  PDF အဖွဲ့များက အထက်ပါပွဲလမ်းသဘင်များ မပြုလုပ်ရန် တောင်းဆိုမှုကြောင့် နည်းပါသွားသော်လည်း ယခုနှစ်မှာမူအချို့ကျေးရွာများတွင် ကထိန်အလှူပွဲအရေအတွက်  တစ်ဆယ်ကျော်မှာ နှစ်ဆယ် နီးပါးအထိ ရှိနေသည်။

ယခုနှစ်တွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် Laung Lone People Defense Force(LLPDF)အဖွဲ့နှင့် Dawei Defense Team-DDT အဖွဲ့များက ယခင်နှစ်များနည်းတူ ပျော်ပွဲရွှင်ပွဲများ မကျင်းပရန် စက်တင်ဘာ၂၀ ရက်နှင့် ၂၁ ရက်နေ့များတွင် ယင်းအဖွဲ့ နှစ်ဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာများမှ တစ်ဆင့် အသီးသီးထုတ်ပြန်တောင်းဆိုထားသည်။