သထုံခရိုင်တွင် နေအိမ် ၁ဝလုံး ချိတ်ပိတ်ခံရ

0
4150
စက်တင်ဘာလ ၁၉ ရက်က ပေါင်မြို့နယ် ဥတ္တံတားကျေးရွာတွင် ချိတ်ပိတ်ခံရသည့်နေအိမ်တစ်လုံး

မွန်ပြည်နယ် သထုံခရိုင်အတွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တစ်ဦး၏ နေအိမ်အပါအဝင် ဒေသခံနေအိမ် ၁၀ လုံး ယခုရက်ပိုင်းအတွင်း ဆက်တိုက်ချိတ်ပိတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

သထုံခရိုင် ဘီးလင်းမြို့နယ် အလူးကျေးရွာရှိ NLD ပါတီဝင် ဒေါ်အေးသီတာမြင့် နေအိမ်ကို စက်တင်ဘာလ ၂၀ ရက်က စစ်ကောင်စီအဖွဲ့တို့က လာရောက် ချိတ်ပိတ်ခဲ့ကြောင်း ‌ဒေသခံတို့ထံမှ သိရသည်။

“အဲဒီအိမ်မှာက လူမရှိနေဘူး။ သူတို့ မနေတာကြာနေပြီ” ဟု NLD ပါတီနှင့်နီးစပ်သည့် ဘီးလင်းဒေသခံတစ်ဦးက ပြောသည်။

ယင်းပြင် ဘီးလင်းမြို့ ကန်သာယာရပ်ကွက်ရှိ ဦးမုတ်ဆိတ်ဆိုသူ၏ နေအိမ်နှင့် ဇုတ်သုတ်ကျေးရွာရှိ ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးစိုးထိုက်ဆိုသူ၏ နေအိမ်တို့ကိုလည်း ချိတ်ပိတ်ခဲ့ကြောင်း ဒေသခံများထံ မေးမြန်းချက်အရ သိရသည်။

အထက်ပါ နေအိမ်နှစ်လုံးတွင်လည်း လူမနေထိုင်တော့ဘဲ မိသားစုဝင်များ တိမ်းရှောင်နေသည်မှာ ကြာပြီဖြစ်ကြောင်း ၎င်းတို့နှစ်ဦးစလုံးနှင့် ရင်းနှီးသည့် မိတ်ဆွေတစ်ဦးက ပြောသည်။

အိမ်ပိုင်ရှင်များသည် PDF၊ NUG တို့နှင့် ဆက်စပ်သည်ဟုဆိုကာ ဆက်စပ်သဖြင့် နေအိမ်ကို ချိတ်ပိတ်သိမ်းဆည်း လိုက်ကြောင်း စစ်ကောင်စီတပ်က စာကပ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

အလားတူ သထုံခရိုင် ပေါင်မြို့နယ် ဥတ္တံတားရွာက ဒေသခံနေအိမ် လေးလုံးကိုလည်း စက်တင်ဘာလ ၂ဝရက်နေ့ တွင် စစ်ကောင်စီက ချိတ်ပိတ်သွားခဲ့ကြောင်း အဆိုပါကျေးရွာများ ဒေသခံအချို့ထံမှ သိရသည်။

စက်တင်ဘာလ ၁၉ ရက်နေ့ကလည်း သထုံမြိုနယ် သိမ်ကုန်းရပ်ကွက်က ဒေသခံနေအိမ် သုံးလုံးကို ချိတ်ပိတ်ခဲ့ကြောင်း ယင်းရပ်ကွက်မှ ဒေသခံအချို့ထံမှ သိရသည်။

အထက်ပါနေအိမ်များမှ ဒေသခံတို့မှာလည်း တိမ်းရှောင်နေကြကြောင်း ဒေသခံများထံ မေးမြန်းချက်များအရ သိရသည်။

အာဏာသိမ်းပြီးနောက် သထုံခရိုင် ဘီးလင်း၊ ကျိုက်ထို၊ သထုံ၊ ပေါင်မြို့နယ်အတွင်းရှိ NLD လွှတ်တော် ကိုယ်စားလှယ်များ၊ ပါတီဝင်များ၊ ပါတီထောက်ခံသူများ၊ PDF အဖွဲ့ဝင်များ၊ စစ်ကောင်စီအား ဆန့်ကျင်သူတို့၏ နေအိမ်များ၊ ဈေးဆိုင်အဆောက်အအုံများကို စစ်ကောင်စီတပ်က ချိပ်ပိတ်မှုဆက်တိုက်ပြုလုပ်လာခဲ့သည်။