ပုလောကုန်းရွာ တစ်မိုင်တောင်စစ်ဆေးရေးဂိတ် နှစ်ရက်ဆက် တိုက်ခိုက်ခံရ

0
4082

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပုလောကုန်းရွာရှိ တစ်မိုင်တောင် စစ်ဆေးရေးဂိတ် နှစ်ရက်ဆက် ပစ်ခတ်တိုက်ခိုက် ခံရကြောင်း အတိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

တစ်မိုင်တောင်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းတပ်တို့ ဂိတ်ဖွင့်တပ်စွဲထားပြီး စက်တင်ဘာလ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ပုလောပြည်သူ့ကာကွယ်ရေးတပ်များက လာရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ခဏခဏ လာပစ်နေကြတယ်။ မနေ့ကရော ဒီနေ့ပါ လာပစ်ကြသေးတယ်။ လက်နက်ငယ်အသံတွေလည်း ဆူညံ နေတယ်။ အသေအပျောက်ကတော့ ပြောသံမကြားရသေးဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက စက်တင်ဘာလ ၁၆ ရက်က ပြောသည်။

ယင်းသို့ လာရောက်ပစ်ခတ်ချိန်တွင် ပုလော ၂၈၅ တပ်ရင်းဘက်ကလည်း တစ်မိုင်တောင်ရှိရာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း ဒေသခံများက ဆိုသည်။

လက်နက်ကြီးကျည်များ ကျရောက်နေသည့်အတွက် အနီးအနားရွာမှ ရွာသားများသည်လည်း ဘေးလွတ်ရာ တောင်စွယ်တောင်ကွယ်များဘက်သို့ မကြာခဏထွက်ပြေးနေရကြောင်း ဝက်တိုးရွာဒေသခံ အမျိုးသားက ပြောသည်။

“ရွာမှာကတော့ ဘေးလွတ်ရာ စုပြီးနေကြတာပေါ့။ ပြေးသင့်ရင်လည်း ဝိုင်းစဉ်းစားပြီး ပြေးလို့ရအောင်” ဟု ၎င်းက ပြောဆိုသည်။

တစ်မိုင်တောင် စစ်ဆေးရေးဂိတ်စခန်းကို ‘နန်းထိုက်အောင် စစ်ဆင်ရေး’ အမည်ဖြင့် ဩဂုတ်လ ၂၄ ရက်နှင့် ၂၇ ရက်တွင်လည်း KNDO အပါအဝင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က လာရောက် တိုက်ခိုက်ခဲ့သေးသည်။

စက်တင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင်လည်း ထပ်မံ သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း (၁) က ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်က အနည်းဆုံး လေးဦးကျဆုံးခဲ့ပြီး ဒဏ်ရာရသူများရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က တပ်သားတစ်ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။  

တိုက်ပွဲအတွင်း ကျဆုံးထိခိုက်မှုနှင့် ပတ်သက်ပြီး Dawei Watch အနေဖြင့် သီးခြားအတည်ပြုချက် မရရှိသေးပေ။

နှစ်ဖက်တိုက်ပွဲ မကြာခဏဖြစ်နေခြင်းကြောင့် ပုလောအရှေ့ဖျားကျေးရွာများမှ ဒေသခံများ မကြာခဏ ထွက်ပြေး နေရပြီး ပုလောဒေသခံ နှစ်ထောင်ကျော်သည်လည်း စစ်ဘေးရှောင်စခန်းတွင် သွားရောက်နေထိုင်နေရကြောင်း စစ်ဘေးရှောင်များအား ကူညီနေသူများထံမှ သိရသည်။

မြိတ်ခရိုင်၊ ပုလောမြို့နယ်နှင့် တနင်္သာရီမြို့နယ်တို့တွင် နှစ်ဖက်တိုက်ပွဲများ မကြာခဏဖြစ်ပွားနေပြီး စစ်ဘေးရှောင် စခန်းများတွင် နေထိုင်နေရသည့် ပြည်သူသုံးထောင်ကျော်ရှိနေကြောင်း ဒေါနစစ်ဘေးရှောင်ကူညီရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။