အတက်အကျ ကြမ်းနိုင်သည့် ဘတ်၊ ရွှေ၊ စက်သုံးဆီ စျေးကွက်

0
7455

တနင်္သာရီတိုင်းသားများ၏ နေ့စဉ်လူမှုဘဝအတွက် အရေးပါလှသည့် ဘတ်၊ ရွှေနှင့် စက်သုံးဆီဈေးနှုန်းမှာ ယခုအပတ်တွင် အကျဘက်ကို ပြန်ရောက်သွားသည်။

ဩဂုတ်လကုန်က အကြီးအကျယ်မြင့်တက်ခဲ့ပြီးနောက် စက်တင်ဘာလ အလယ်ပိုင်းတွင် ပြန်ကျလာခြင်းဖြစ်သည်။

ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ထိုင်းဘတ်ငွေလဲလှယ်နှုန်းနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်းအခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

ထိပ်စည်းပြောင်း ရွှေဈေး

တစ်ကျပ်သားလျှင် ကျပ်သိန်းလေးဆယ်နီးပါးအထိ မြင့်တက်ခဲ့သည့် အခေါက်ရွှေသည် ယခုအပတ်တွင် သိန်းသုံးဆယ်အောက်သို့ ခုန်ဆင်းသွားသည်။

အမေရိကန်ဒေါ်လာ အတက်အကျနှင့် ချိတ်ဆက်နေသည့် ရွှေဈေးမှာ ဩဂုတ်လကုန်ရက်က ငွေကျပ် ၃၇ သိန်းဝန်းကျင်အထိ မြင့်တက်ခဲ့ပြီးနောက် စက်တင်ဘာလ ၁၃ ရက် (အင်္ဂါနေ့)တွင် ၂၉၉၀၀၀၀ ကျပ်ဖြစ်လာသည်။

စက်တင်ဘာလ ၁၂ ရက် (တနင်္လာနေ့)က ၃၀၆၀၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီးနောက်တစ်ရက်တွင် သိန်းသုံးဆယ်အောက် ကျသွားခြင်းဖြစ်သည်။

ထိုနောက် စက်တင်ဘာလ ၁၄ ရက်နေ့တွင်မူ ထပ်မံဈေးကျလာပြီး တစ်ကျပ်သားလျှင် ၂၈ သိန်းခွဲဝန်းကျင်ဖြစ်သွားခဲ့သည်။

ယခုအပတ်တွင် ဆက်တိုက်ဈေးကျခဲ့သည့် ရွှေဈေးသည် တစ်ကျပ်သားလျှင် ၂၉ သိန်းဝန်းကျင်တွင်ပင် ငြိမ်နေပြီး ကျပ်သောင်းဂဏန်းသာ အတက်အကျရှိနေခဲ့သည်။

ရွှေဈေးနှုန်းတည်ငြိမ်မှုမရှိသည့်အတွက် ဈေးကွက်အတွင်း အရောင်းအဝယ်ပါးနေကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဉီးက ဆိုသည်။

စက်တင်ဘာလ ၁၆ ရက် (သောကြာနေ့)တွင်မူ ထားဝယ်ဈေးကွက်၌ အခေါက်ရွှေတစ်ကျပ်သားလျှင် ၂၉၄၀၀၀၀ ကျပ် ပေါက်ဈေးရှိနေသည်။

အကျဈေးတွင် ငြိမ်နေသည့် ဘတ်ငွေ

ပြီးခဲ့သည့်အပတ်ကတည်းက အကျဈေးရောက်နေသည့် ထိုင်းဘတ်ငွေဈေးမှာ ယခုအပတ်တွင်လည်း အတက်အကျနည်းပြီး ငြိမ်နေသည်။

ဒေါ်လာဈေး ငြိမ်နေသည့်အပြင် ဘတ်ငွေဝယ်ယူသူ နည်းလာမှုကြောင့် ဘတ်ဈေးပြန်ကျ လာခြင်းဖြစ်ကြောင်း ငွေလဲလုပ်ငန်းအချို့ကဆိုသည်။

ယခုအပတ်တွင် အမေရိကန် တစ်ဒေါ်လာပေါက်ဈေးမှာ ၃၄၀၀ ကျပ်ဝန်းကျင်ရှိနေပြီး ထိုင်းငွေဈေးမှာ ၉၀ ကျပ်ဝန်းကျင်ရှိနေသည်။

စက်တင်ဘာ ၁၇ ရက် (စနေနေ့)တွင် ထိုင်းတစ်ဘတ်လျှင် ၈၈ ကျပ် ဝန်းကျင်ပေါက်ဈေးရှိပြီး ဘတ် ၁၁၄၀ လွှဲလျှင် မြန်မာငွေ တစ်သိန်းကျပ် ရမည်ဖြစ်သည်။

ငွေလွှဲလုပ်ငန်းရှင်အချို့၏ ခန့်မှန်းချက်အရ လာမည့်အပတ်တွင် ထိုင်းဘတ်ငွေဈေး အနည်းငယ်ပြန်တက်နိုင်သည်ဟု ဆိုသည်။

နေမြဲဖြစ်နေသည့် စက်သုံးဆီဈေး

တစ်လီတာလျှင် ၂၄၀၀ ကျပ်ကျော်ဈေးပေါက်ခဲ့သည့် စက်သုံးဆီဈေးမှာ ယခုအပတ်တွင်လည်း အလှုပ်အခတ်နည်းနေသည်။

စက်တင်ဘာလ ၁၂ ရက်(တနင်္လာနေ့)က တစ်လီတာလျှင် ၂၄၃၅ ကျပ်ဈေးပေါက်ခဲ့သည့် 92 ဓာတ်ဆီသည် စက်တင်ဘာလ ၁၇ ရက်(စနေနေ့)တွင် ၂၂၄၅ ကျပ် ဈေးပေါက်နေသည်။

အဆိုပါဈေးနှုန်းမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့် နှုန်းထားဖြစ်သည်။

စစ်ကောင်စီ၏ သတ်မှတ်ဈေးမှာ မြေပြင်တွင်ရောင်းချနေသည့် နှုန်းထားနှင့် အနည်းဆုံး ငွေကျပ်ရာဂဏန်း မှ ထောင်ဂဏန်းအထိ ကွာဟနေသည်။

ပန့်ခ်ဖြင့်ရောင်းချသည့် ပြင်ပဆိုင်များတွင် မြို့ပေါ်နှင့် ကျေးလက် အကွာအဝေး အပေါ်မူတည်ကာ တစ်လီတာလျှင် ၂၆၀၀ ကျပ်မှ ၃၅၀၀ ကျပ်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

အမေရိကန်ဗဟိုဘဏ်က ဘဏ်အတိုးနှုန်း တိုးမြှင့်မည့်သတင်းကြောင့် လာမည့်အပတ်တွင် ဒေါ်လာဈေးနှုန်းအနည်းငယ် ပြန်တက်နိုင်ဖွယ်ရှိနေသည်။

ထိုကြောင့် ထိုင်းဘတ်ငွေဈေးလည်း လက်ရှိပေါက်ဈေးထက် အနည်းငယ် ပြန်တက်လာနိုင်သည်ဟု ခန့်မှန်းကြသည်။

ထို့အတူ ရွှေဈေးလည်း အနည်းငယ်ပြန်လှုပ်နိုင်သည့် အနေအထားရှိနေသည်။

ဆက်တိုက်ကျနေသည့် ကမ္ဘာ့ရွှေဈေးမှာ ယခုအပတ် စနေနေ့တွင် အနည်းငယ်ပြန်တက်နေသည်။

ကန်ဒေါ်လာစျေး ပြန်တက်နိုင်ဖွယ်ရှိခြင်း၊ ကမ္ဘာ့ရွှေစျေးပြန်တက်နေခြင်းတို့ကြောင့် မြန်မာ့ရွှေဈေး ပြန်တက်နိုင်သည်ဟု ခန့်မှန်းကြသည်။

မြန်မာ့ရွှေဈေးမှာ ဒေါ်လာဈေး၊ ကမ္ဘာ့ရွှေဈေးအပေါ် အခြေခံတွက်ချက်သည်ဆိုသော်လည်း ရွှေမှောင်ခိုစျေးကွက်ဖြင့် ချိတ်ဆက်နေမှုကြောင့် အတက်အကျ များနိုင်ဖွယ်ရှိနေသည်။

ထို့အတူ စင်ကာပူတွင် စက်သုံးဆီဈေးကျဆင်းနေသည့်အတွက် မြန်မာနိုင်ငံ၏ စက်သုံးဆီဈေးလည်း ကျဆင်းလာနိုင်သည်။

သို့ရာတွင် နိုင်ငံရေး အခြေအနေနှင့် ကျပ်ငွေတန်ဖိုးအရ အနည်းအကျဉ်းသာ ဈေးကျနိုင်ပြီး 92 ဓာတ်ဆီတစ်လီတာလျှင် ၂၄၀၀ ကျပ်ဝန်းကျင်(စစ်ကောင်စီရည်ညွှန်းဈေး) တွင်ပင် ဆက်ရှိနေနိုင်သည်။