တစ်ပတ်ကျော်ကြာဖမ်းဆီးခံရသည့် ဘဝပင်ရွာသားနှစ်ရာကျော်ပြန်လွတ်၊ တစ်ဦး မလွတ်သေး

0
4379
အာဏာမသိမ်းခင် တစ်လကျော်အလိုက မြင်တွေ့ရသည့် ဘဝပင်ကျေးရွာ တစ်နေရာ

ထားဝယ်မြို့နယ် ဘဝပင်ရွာတွင် တစ်ပတ်ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ဒေသခံရွာသူ၊ရွာသား နှစ်ရာကျော် စက်တင်ဘာလ ၁၃ ရက် ည‌နေတွင် ပြန်လည်လွတ်မြောက်လာကြောင်း ဒေသခံအချို့က ပြောသည်။

စက်တင်ဘာလ ၆ ရက် နံနက်ပိုင်းက ဘဝပင်ရွာအနီး ကျောက်သေတ္တာတောင်တွင် ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

ယင်းနောက် ကျေးရွာဘုန်းကြီးကျောင်းတွင် လာရောက်ပုန်းခိုနေသည့် ဒေသခံရွာသား တစ်ရာကျော်ကို စစ်ကောင်စီတပ်က ယင်းနေ့ ညနေပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

စက်တင်ဘာလ ၇ ရက်နေ့တွင် ဘဝပင်ရွာ‌ရှိ အခြားနေရာနှစ်ခုတွင် ပုန်းအောင်းနေသည့် ဒေသခံ တစ်ရာကျော် ထပ်မံဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံအချို့က ပြောသည်။

ဖမ်းဆီးထိန်းသိမ်းခံရသူ နှစ်ရာ‌ကျော်တွင် လက်လုပ်သေနတ် (တူမီး) ရှိသူ နှစ်ဦးကို စစ်တပ်က ရိုက်နှက်နှိပ်စက်မှုများ ပြုလုပ်ခဲ့ပြီး ယင်းနှစ်ဦးမှာ ရိုက်နှက်ခံရပြီး နောက်ရက်ညပိုင်းတွင် ထွက်ပြေးလွတ်မြောက်သွားကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

ကျန်သည့်ရွာသားများမှာ ရိုက်နှက်မခံကြရသော်လည်း ဆဲဆိုကြိမ်းမောင်း ခံကြရကြောင်းလည်း ဒေသခံအချို့က ပြောဆိုသည်။

စင်ကောင်စီတပ်မှာ စက်တင်ဘာလ ၁၄ ရက်နေ့တွင် ကျေးရွာမှ ပြန်လည်ထွက်ခွာသွားပြီး PDF နှင့် ဆက်စပ်သည်ဟု သံသယဖြင့် စစ်ဆေးခြင်းခံခဲ့ရသည့် ရွာသားတစ်ဦးကိုမူ လမ်းပြဟုဆိုကာ ခေါ်ဆောင်သွားကြောင်း ၎င်းက ဆိုသည်။

လမ်းပြအဖြစ် ခေါ်ဆောင်ခံရသူမှာ ယနေ့ ညပိုင်းအထိ ရွာသို့ ပြန်မရောက်လာသေးသလို အဆက်အသွယ်လည်း မရသေးကြောင်း ဒေသခံအချို့က ပြောဆိုသည်။

“အားလုံးကို ပြန်လွတ်ပေးခဲ့တယ်။ ဒါပေမဲ့ တစ်ယောက်ကိုတော့ သူတို့ပြန် ခေါ်ဆောင်သွားတယ်” ဟု ဒေသခံ တစ်ဦးက ဆိုသည်။

ကျန်ဒေသခံများမှာ ယနေ့ (စက်တင်ဘာ ၁၅) နံနက်ပိုင်းတွင် ရွာ၌ ပြန်လည်နေထိုင်နေပြီဖြစ်ကြောင်း ဘဝပင် ကျေးရွာတွင် နေထိုင်သည့် ဒေသခံတစ်ဦးက ပြောသည်။

ကျောက်သေတ္တာတောင်တွင် ထားဝယ်မြို့- ဘီလုံးပြောက်ကျားတပ်ဖွဲ့(ပကဖ) ၊ Kaw Thoo Lei Army အဖွဲ့တို့နှင့် စစ်ကောင်စီတပ်တို့ စက်တင်ဘာလ ၆ ရက်က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

 စစ်ကောင်စီတပ်က စစ်ဘေးရှောင်စခန်းကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် ဘေးလွတ်ရာကို ထွက်ပြေး‌တိမ်းရှောင်ခဲ့သည့် ဒေသခံနှစ်ရာကျော်ကို စစ်တပ်က ဖမ်းဆီးထားကြောင်း လည်း တိုက်ပွဲဖြစ်ပွားပြီးနောက် ဘီလုံးပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။